လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင် စစ်ကောင်စီ ဖွဲ့စည်း
2024.12.18
စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ဆိုပြီး လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ဖွဲ့စည်းကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။
စစ်ကောင်စီ အခြေစိုက်တဲ့ နေပြည်တော်မှာပဲ လျှပ်စစ်မီး ပုံမှန်ရနေပြီး တစ်နိုင်ငံလုံးအနှံ့ လျှပ်စစ်မီး အလုံအလောက်မပေးနိုင်လို့ ဝေဖန်ခံနေရချိန်မှာ အခုလို ကော်မရှင် ဖွဲ့စည်းလိုက်တာပါ။
အဲဒီကော်မရှင်မှာ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဥက္ကဋ္ဌ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ဒုတိယဥက္ကဋ္ဌ(၁) နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က ဒုတိယဥက္ကဋ္ဌ (၂)အဖြစ် တာဝန်ယူထားပြီး အဖွဲ့ဝင် ၁၇ ဦး နဲ့ ဖွဲ့စည်းထားတာပါ။
တစ်နိုင်ငံလုံးမှာ ဓာတ်အားလိုအပ်ချက် တစ်ရက်ကို မဂ္ဂါဝပ် ၅၅၀၀ လောက်ရှိပေမဲ့ လက်ရှိမှာ တစ်ရက်ကို မဂ္ဂါဝပ် ၂၈၀၀ လောက်ပဲ ထုတ်လုပ်နိုင်ပြီး တစ်နိုင်ငံလုံးရဲ့ ငါးဆယ်ရာခိုင်နှုန်းသာ လျှပ်စစ်မီး ဖြန့်ဖြူးနိုင်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ပြီးခဲ့တဲ့မေလက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရဖို့ ဆောင်ရွက်နေတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က ပြောထားပါတယ်။
စစ်ကောင်စီက ရန်ကုန်မြို့တွင်းအပါအဝင် နေရာအတော်များများမှာ လျှပ်စစ်မီး အလုံအလောက် မပေးနိုင်ပေဲ့ ပြီးခဲ့တဲ့စက်တင်ဘာလစပြီး မီတာခအဆမတက်မြင့်တက်သွားတဲ့အတွက် ပြည်သူတွေ အခက်အခဲဖြစ်နေကြပါတယ်။
လျှပ်စစ်မီးပုံမှန်မရတာကြောင့် စက်မှုဇုန်တချို့က စက်ရုံတွေရပ်နားထားရပြီး ကုန်ထုတ်လုပ်မှုစရိတ်တွေလည်း အဆမတန်မြင့်တက်နေတာဖြစ်ပါတယ်။