ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီဗုံးကြဲ
နောင်ချိုမြို့ ပြည်သူ့ဆေးရုံနဲ့ ရဲစခန်းနေရာတွေ ဗုံးကြဲခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2025-02-20 -
-
-
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
နောင်ချိုမြို့ ပြည်သူ့ဆေးရုံနဲ့ ရဲစခန်းနေရာတွေ ဗုံးကြဲခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ TNLA နဲ့ စစ်ကောင်စီတို့ ဖေဖော်ဝါရီ ၁၆ နဲ့ ၁၇ နှစ်ရက်ကြာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပေမဲ့ ရလဒ် တစ်စုံတစ်ရာ မထွက်ဘဲ ပြီးဆုံးခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိလာတာပါ။
TNLA နဲ့ စစ်ကောင်စီတို့ကြား ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးသွားပြီးနောက် လေကြောင်းနဲ့ ပိုပြီး တိုက်ခိုက်လာမှာကို မြို့နေပြည်သူတွေ စိုးရိမ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောင်ချိုမြို့နေ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုက ကူမင်းဆွေးနွေးပွဲလည်း မအောင်မြင်ဘဲ ပြီးသွားတာဆိုတော့ လေကြောင်းနဲ့ ပိုပြီး တိုက်ခိုက်လာမှာကို စိုးရိမ်နေရတယ်။ အခုလည်း နောင်ချို အစပ်နားမှာလည်း တိုက်ပွဲတွေက ပြင်းထန်နေတယ်။ ဆိုတော့ မြို့နေ ပြည်သူတွေက ရှောင်ဖို့ တိမ်းဖို့ကတော့ ကြိုပြီး စဉ်းစား စီစဉ်တာတွေ တွေ့နေရတယ်”
လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
လတ်တလော ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ခဲ့တာကြောင့် လာမဲ့ဧပြီလမှာ နောက်တစ်ကြိမ် ထပ်ဆွေးနွေးဖို့ သဘောတူထားတယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက RFA ကို ပြောထားပါတယ်။
ဆွေးနွေးပွဲမှာ TNLA ဘက်က နှစ်ဖက်တပ်တွေရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ နှစ်ဖက်လုံး ထိုးစစ်ရပ်ဖို့၊ ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု စတဲ့ စစ်ရေးလှုပ်ရှားမှုတွေ အားလုံးရပ်ဖို့ တောင်းဆိုဆွေးနွေးခဲ့ပေမဲ့ သဘောတူညီချက်မရလို့ နောက်တစ်ကြိမ် ဆွေးနွေးပွဲတွေ မစခင်အထိ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ၁၁ မြို့ကို TNLA က သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ကလည်း အဲဒီအထဲက မြို့ရွာတွေကို မကြာခဏ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။