ဒေါ်လာငါးသိန်းအထက် ပို့ကုန်ရငွေကျန်နေတဲ့ ကုမ္ပဏီ ၂၈ ခုကို စစ်ကောင်စီ အမည်ပျက်စာရင်းသွင်း
အမည်ပျက်စာရင်းသွင်းတဲ့ ကုမ္ပဏီတွေထဲမှာ သစ်ထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ ပါဝင်ပါတယ်။
-
RFA Burmese
2024-06-28 -
-
-
ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ငါးသိန်းနဲ့အထက် ပြန်ဝင်ဖို့ကျန်နေတဲ့ ကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်း သွင်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ဇွန်လ ၂၇ ရက်မှာ ကြေညာပါတယ်။
အမည်ပျက်စာရင်းသွင်းတဲ့ ကုမ္ပဏီတွေထဲမှာ သစ်ထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ ပါဝင်ပါတယ်။
ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေမှာ နိုင်ငံခြားကို ကုန်ပစ္စည်းတင်ပို့ပြီးနောက် ပြည်တွင်းထဲက လုပ်ငန်းရှင် ဒါမှဟုတ် ကုမ္ပဏီရဲ့ဘဏ်အကောင့်တွေဆီ ပို့ကုန်ရငွေတွေ ပြန်ဝင်ရောက်ရမှာ ဖြစ်ပါတယ်။
နိုင်ငံခြားငွေလိုအပ်ချက်ရှိနေတဲ့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ပြည်ပကို ပို့ကုန်တင်ပို့ပြီးတဲ့ ကုမ္ပဏီတွေအနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က စာရင်းတွေကစလို့ နှစ်အလိုက် ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ဖို့ဆိုပြီး တင်းကျပ် ကန့်သတ်ခဲ့တာပါ။
အဲဒီနောက် ပို့ကုန်ရငွေပြန်ဝင်ဖို့ကျန်နေတဲ့ ကုမ္ပဏီတွေကို နှစ်အလိုက်စာရင်းအရေအတွက်နဲ့ အကြောင်းကြားစာ တွေ ပို့ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၈ ခုနှစ်ကတည်းက ပို့ကုန်ရငွေပြန်ဝင်ဖို့ ကျန်သေးတဲ့ ကုမ္ပဏီတွေဟာ တစ်ဖက်နိုင်ငံကို ငွေလက်ငင်းစနစ်နဲ့ ရောင်းချထားတာ၊ ငွေကြိုပေးစနစ်နဲ့ ရောင်းချထားတာနဲ့ တရားမဝင်ငွေလွှဲပြီး အရောင်းအဝယ် လုပ်ခဲ့ကြတာတွေ ရှိတာကြောင့် လက်ရှိအခြေအနေအရ ပို့ကုန်ရငွေပြန်ဝင်ဖို့ အဆင်မပြေတော့တဲ့အကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“အခုက ဘာဖြစ်နေလဲဆိုတော့ ကုမ္ပဏီကို အမည်ပျက်စာရင်းထဲမပါစေချင်ရင် ပို့ကုန်ရငွေတွေကို တစ်ဖက်နိုင်ငံကိုသွားပြီး မြန်မာပြည်က ကိုယ့်ဘဏ်အကောင့်ထဲ ပြန်လွှဲရတယ်။ အဲတော့ စစ်ကောင်စီ လိုချင်တာက Back Date တွေနဲ့ လိုချင်တာ။ တစ်ဖက်နိုင်ငံက ဘဏ်တွေကျတော့ Back Date တွေနဲ့လက်မခံဘူး။ အဲလိုတွေဖြစ်နေတာ”
စစ်တပ်အာဏာမသိမ်းခင်ကတော့ ပို့ကုန်ရငွေ ပြန်ဝင်ရောက်ဖို့ ဥပဒေတွေ ထုတ်ပြန်ထားပေမဲ့ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကြောင့် ဖြေလျှော့ပေးထားခဲ့တာလို့ သူက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် အဲဒီလို တင်းကျပ်ကန့်သတ်မှုတွေရှိလာသလို အမည်ပျက်စာရင်းအသွင်းခံရတဲ့ ကုမ္ပဏီပိုင်ရှင်တွေလည်း စစ်းဆေးခံရတာနဲ့ တရားစွဲဆိုခံရတာတွေလည်းရှိလာပြီလို့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကလည်း အာရှနိုင်ငံတွေကို ပို့ကုန်တင်ပို့ရင် စပြီးတင်ပို့တဲ့ ရက်ကနေ ရက်ပေါင်း သုံးဆယ်အတွင်း ပို့ကုန်ရငွေ ပြန်ဝင်ရောက်ဖို့နဲ့ တခြားနိုင်ငံတွေကိုတော့ ရက်ပေါင်း ခြောက်ဆယ် အတွင်း ပို့ကုန်ရငွေပြန်ဝင်ဖို့ဆိုပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက သတ်မှတ်ခဲ့ပါတယ်။
ဒါတွေကို မလိုက်နာရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူမယ်လို့လည်း စစ်ကောင်စီ ဗဟိုဘဏ်က ပြောထားပါတယ်။