PDF တွေ ဖမ်းဆီးထားသူ ၂၆ ယောက်ကို ကယ်တင်ခဲ့တယ်လို့ စစ်ကောင်စီကြေညာချက် PDF ကန့်ကွက်

ပုလဲမြို့နယ်၊ ဖလံပင်ကျေးရွာ၊ မြောက်ယမားဆည်အနီးက PDF စခန်းတစ်ခုအတွင်းကနေ ကယ်တင်ခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့် ကတော့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ မရှိဘူးလို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းမှုကြောင့် ဒေသခံများ ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က ဘေးလွတ်ရာကို ထွက်ပြေးနေကြစဉ်။ Photo: Citizen Journalist

စစ်ကိုင်းတိုင်းအတွင်း PDF အဖွဲ့တွေ ဖမ်းဆီးထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နဲ့ ဒေသခံ စုစုပေါင်း ၂၆ ယောက်ကို PDF စခန်းတစ်ခုကနေ စစ်ကောင်စီက အောက်တိုဘာ ၂၅ ရက် မနက်က ကယ်တင်ခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပေမယ့် စစ်ကိုင်းတိုင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ငြင်းဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဖလံပင်ကျေးရွာ၊ မြောက်ယမားဆည်အနီးက PDF စခန်းတစ်ခုအတွင်းကနေ ကယ်တင်ခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့် ကတော့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ မရှိဘူးလို့ ပြောပါတယ်။

"PDF တွေကတော့ သူတို့(စစ်တပ်)တပ်ဖွဲ့ဝင်တွေသော်လည်းကောင်း၊ အပြစ်မဲ့ပြည်သူတွေကိုလည်းကောင်း ဖမ်းထားတာ လုံးဝမရှိပါဘူး။ စစ်ကောင်စီက PDF တပ်ဖွဲ့ဝင်တွေကို လိမ်လည်လှည့်ဖျားပြီး ပုံဖျက်တာပါ။ ကျွန်တော်တို့ စစ်ရာဇဝတ်မှုမြောက်တဲ့အလုပ် ဘာမှမလုပ်ပါဘူး။ စစ်ရာဇဝတ်မှုကျူးလွန်နေတာ စစ်တပ်ပဲ ဖြစ်တယ်။ သူတို့က ပြောင်းပြန် စွပ်စွဲနေတာပေါ့ဗျာ။ လိမ်လည်ထားတဲ့ စွပ်စွဲချက်လို့ပဲ ပြောချင်ပါတယ်။"

ဂန့်ဂေါမြို့နယ် နယ်မြေခံတပ်ရင်းက အရာရှိဇနီး ပျောက်ဆုံးတာကို လိုက်လံစုံစမ်းဖော်ထုတ်ရင်း ယင်းမာပင် မြို့နယ် ရင်ပေါင်တိုင်နဲ့ ရွှေလှံ ရွာတစ်ဝိုက် ဖမ်းဆီးခံထားရတယ်လို့ ယူဆပြီး အောက်တိုဘာ ၁၉ ရက်နေ့ကစလို့ အဲဒီနှစ်ရွာတစ်ဝိုက်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ စစ်တပ်က ကြေညာပါတယ်။ ကယ်တင်ခဲ့သူတွေထဲမှာ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ပါဝင်ပြီး အမျိုးသမီး ၇ယောက်၊ အမျိုးသား ၁၅ယောက်၊ ကလေး ၄ ယောက်၊ စုစုပေါင်း ၂၆ ယောက် ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ တချို့က ခုနစ်လကနေ တစ်နှစ်နီးပါး ဖမ်းဆီးခံထားရသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ မနက်ကတည်းက ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်၊ ရွှေလှံနဲ့ ပုထိုးသာရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးခဲ့ရပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ ရွှေလှံရွာထဲ တိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ယောက်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၉ ယောက် စုစုပေါင်း ၁ဝ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org