သတင်းထောက် ဖိုးသီဟအပါအဝင် ခုနစ်ဦးသတ်ဖြတ်ခံရမှု IPCM ရှုတ်ချ

ရခိုင်ပြည်နယ်အခြေစိုက် သတင်းသမား ဖိုးသီဟ (ခေါ်) မြတ်သူထွန်းအပါအဝင် အရပ်သားခုနစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဒီနေ့ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် သတင်းထောက် ကိုမြတ်သူထွန်း (ခေါ်) ကိုဖိုးသီဟ။ Western News

ရခိုင်ပြည်နယ်အခြေစိုက် သတင်းသမား ဖိုးသီဟ (ခေါ်) မြတ်သူထွန်းအပါအဝင် အရပ်သားခုနစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က မတ်လ ၁ ရက် ဒီနေ့ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၇၈ မှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ဖိုးသီဟ (ခေါ်) မြတ်သူထွန်းအပါအဝင် အရပ်သားခုနစ်ဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၃ ရက်နေ့က အဲဒီတပ်ရင်းထဲမှာပဲ သတ်ဖြတ်မြှုပ်နှံခံထားရတာပါ။

ဒီသတ်ဖြတ်မှုမှာ ကျူးလွန်သူတွေကိုယ်တိုင်က ဝန်ခံထားတာကို မြင်တွေ့ကြားသိရတဲ့အတွက် ထိတ်လန့်တုန်လှုပ်ရကြောင်းလည်း IPCM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အပြစ်မဲ့သတင်းသမားတွေအပါအဝင် အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ မတရားဥပဒေတွေနဲ့ ဖမ်းဆီးထောင်ချတာတွေဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြောက်ဦးမြို့မှာ သတင်းသမား ဖိုးသီဟ (ခေါ်) မြတ်သူထွန်းအပါအဝင် အရပ်သားခုနစ်ဦး သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်တာမရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းချိန်ကနေ ဒီနေ့အထိ သတင်းသမား ၁၇၀ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အဲဒီအထဲက ၁၁၈ ဦးက ပြန်လွတ်မြောက်ခဲ့ပေမယ့် ကျန်သတင်းသမား ၅၂ ဦးက အကျဉ်းထောင်တွေထဲမှာ အကျဉ်းချခံနေရဆဲဖြစ်တယ်လို့ IPCM ကပြောပါတယ်။

လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ IPCM ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက ထိုင်းနိုင်ငံတွင်းတစ်နေရာမှာ ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org