ဂျော်ဒန်က ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုးဦး အလုပ်ထုတ်ခံရ

ဂျော်ဒန်နိုင်ငံ Camel -Vega အထည်ချုပ်စက်ရုံမှာ ဆန္ဒပြတောင်းဆိုနေတဲ့ မြန်မာ အလုပ်သမားတွေထဲက အလုပ်သမား ခေါင်းဆောင် ကိုးဦးကို အလုပ်ရှင်က စက်တင်ဘာလ ၂ ရက်နေ့ မနေ့က အကြောင်းပြချက်မပေးဘဲ အလုပ်ထုတ်လိုက် ပါတယ်။

ဂျော်ဒန်နိုင်ငံက Camel အထည်ချုပ်စက်ရုံမှာ ဆန္ဒပြနေကြတဲ့ မြန်မာအလုပ်သမားများကို တွေ့ရစဉ်။ Photo: CJ

ဂျော်ဒန်နိုင်ငံ Vega အထည်ချုပ်စက်ရုံမှာ ဆန္ဒပြတောင်းဆိုနေတဲ့ မြန်မာအလုပ်သမားတွေထဲက အလုပ် သမား ခေါင်းဆောင် ကိုးဦးကို အလုပ်ရှင်က စက်တင်ဘာလ ၂ ရက်နေ့ မနေ့က အကြောင်းပြချက်မပေးဘဲ အလုပ်ထုတ်လိုက်ပါတယ်။

လုပ်အားခ ပေးတာ မညီမျှတာ၊ ပြည်တော်ပြန်ရေး အလုပ်ရှင်က ဆောင်ရွက်မပေးတာနဲ့ပတ်သက်ပြီး ဆန္ဒ ပြနေကြတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား ညှိနှိုင်းမှုတွေ လုပ်နေချိန်မှာပဲ အဲဒီအလုပ်သမားတွေအရေး တာဝန်ယူလုပ်ဆောင်ပေးနေတဲ့ ခေါင်းဆောင်တွေကို အလုပ်ထုတ်လိုက်တာ ဖြစ်တယ်လို့ အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။

“ကျမတို့ကို ရုံးခန်းကို ခနလာခဲ့လိုက်။ ဝန်ထမ်းတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ ညှိနှိုင်းဖို့ပေါ့နော်။ ကျမတို့ ရုံးခန်းရောက်တော့ အလုပ်ရှင်ဘက်က တာဝန်ရှိသူက နင်တို့အားလုံးကို အလုပ်ထုတ်လိုက်ပြီ။ ဘာမှလည်း မပြောဘူး။ ညီမတို့က ဘာလို့ အကြောင်းအရင်းနဲ့ အလုပ်ထုတ်တာလဲ။ သူပြောတာက အကြောင်းမရင်း မရှိဘူးတဲ့။ ကျမတို့ကို အပြင်ဆောင်မှာ ပို့မယ်လို့ လုပ်တယ်။ ကျမတို့လည်း အပြင်မှာ မနေရဲဘူး။ မလုံခြုံလို့ ဒီနိုင်ငံမှာ အန္တရာယ်များတယ်”

အလုပ်သမားတွေက ပြီးခဲ့တဲ့ ဇွန်လကတည်းက မြန်မာပြည်ကို ပြန်ဖို့ စာတင်ခဲ့ပေမဲ့ အလုပ်ရှင်ဘက်က တစုံတရာ မတုံ့ပြန်ဘဲ အောက်တိုဘာလအထိ အလုပ်ဆက်လုပ်ပေးဖို့ ပြောဆိုလာတဲ့အပြင် အပိုကြေး ဘောနပ်စ်ပေးတာမှာလည်း မညီမျှတာတွေကြောင့် မြန်မာအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့ကစပြီး အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြတာပါ။

မြန်မာအလုပ်သမားတွေဘက်က လာမယ့် အောက်တိုဘာလ ၁၅ ရက် နောက်ဆုံးထားပြီး အလုပ်သမားတွေ ရရမယ့် လူမှုဖူလုံကြေးငွေရရှိဖို့နဲ့ မြန်မာပြည်ကို ပြန်ဖို့ အလုပ်ရှင်ဘက်က လေယာဉ် စီစဉ်ပေးဖို့ တောင်းဆို ထားပါတယ်။

Vega အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမား ၂၆၀ ကျော်ရှိပြီး အများစုက မြန်မာပြည်ကို ပြန်ချင်ကြ တာကြောင့် ဆန္ဒပြနေကြတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org