ကိုဂျင်မီ ကိုဖြိုးဇေယျာသော်တို့အတွက် ဆန္ဒပြဆုတောင်း
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ သေဒဏ်ချမှတ်ခံရတဲ့ နှစ်နှစ်ပြည့် ဇူလိုင်လ ၂၃ ရက် ဒီကနေ့မှာ ဗြိတိန်နိုင်ငံရောက် မြန်မာတွေစုဝေးပြီး ဆုတောင်းခဲ့ကြပါတယ်။
-
RFA Burmese
2024-07-23 -
-
-
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ သေဒဏ်ချမှတ်ခံရတဲ့ နှစ်နှစ်ပြည့် ဇူလိုင်လ ၂၃ ရက် ဒီကနေ့မှာ ဗြိတိန်နိုင်ငံရောက် မြန်မာတွေစုဝေးပြီး ဆုတောင်းခဲ့ကြပါတယ်။
ဆုတောင်းပွဲကို ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ၊ NUG ဝန်ကြီး ဒေါက်တာဆာဆာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်မ်အဲရစ်တို့လည်း တက်ရောက်ခဲ့ပါတယ်။
ဆုတောင်းပွဲတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မဂျူလီယာခိုင်က "ဒီနေ့ဟာ သူတို့အတွက် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ သတ္တိရှိမှု ၊ စွန့်လွှတ်အနစ်နာခံမှုဟာ ကျွန်မတို့ရဲ့ အင်အား၊ အဲဒီအပေါ်မှာ ရှေ့ဆက်လျှောက်ဖို့အင်အား သူတို့ကိုလည်း အမြဲသတိရနေတယ်။ ကျွန်မတို့ ဂုဏ်ပြုထိုက်သော ဂုဏ်ပြုသင့်သော သူရဲကောင်းပေါ့။ လေးဦးထဲ မဟုတ်ဘူးပေါ့။ အမည်မသိတဲ့သူတွေလည်း ရှိတယ်။ ဒါတွေအတွက်ပေါ့"
မြန်မာ့အရေးနိုင်ငံတကာက ပိုသိရှိလာအောင် လုပ်ဆောင်ကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။
အလားတူ မြန်မာနိုင်ငံတွင်း အကျဉ်းထောင်တချို့မှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြတာရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသူဟောင်းများအဖွဲ့က ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ တာဝန်ခံတစ်ဦးဖြစ်သူ မဇူးဇူးမေယွန်းက “ထောင်တွင်းနဲ့ထောင်ပြင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေက တစ်သားတည်းရှိနေတယ်။ ပြည်သူတွေနဲ့လည်း တစ်သားတည်းရပ်တည်နေတယ်။ စစ်အာဏာရှင်ပြုတ်ကျဖို့အရေးကို သူတို့လုပ်ဆောင်နိုင်တာကို လုပ်နေမှာပါ။ မတရားအသတ်ခံလိုက်ရတာနော်။ သူတို့ရဲ့ တော်လှန်ရေးပေါ်မှာထားတဲ့ ခံယူချက်တွေကြောင့် လက်ရှိမှာ ပြည်သူတွေရော ထောင်တွင်း ထောင်ပြင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေရောမှာ အမြဲရှင်သန်နေမှာ" လို့ပြောပါတယ်။
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ထောင်တွင်း ကြိုးပေးကွပ်မျက်လိုက်တာဖြစ်ပါတယ်။