မြန်မာကို တရုတ်၏ ပြည်နယ်တခု အဖြစ်မခံနိုင်ကြောင်း ဂျင်ဝက်ဘ်ပြောကြား
အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်ဘ်က မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ လက်အောက်ခံ တိုင်းပြည်အဖြစ် ဖြစ်မသွားအောင် အမေရိကန်အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရနဲ့ ပိုပြီး ထိတွေ့ဆက်ဆံဖို့ လိုအပ်ကြောင်း ပြောလိုက်ပါတယ်။
-
2010-10-28 -
-
-
အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်ဘ်ဟာ အမေရိကန် အထက်လွှတ်တော် အာရှ ပစိဖိတ်ဒေသရေးရာ ကော်မီတီရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။
မြန်မာစစ်အစိုးရဟာ ဘယ်လိုပဲ လူ့အခွင့်အရေး ချိုးဖောက်နေပါစေ ၊ တချိန်တည်းမှာပဲ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရလဒ် ဘယ်လိုပဲ အကန့်အသတ်တွေ ရှိနေပါစေ၊ လာမဲ့ ရွေးကောက်ပွဲဟာလည်း အတုအယောင် ဖြစ်နေပါစေ အမေရိကန်အစိုးရ အနေနဲ့မြန်မာစစ်အစိုးရနဲ့ ဆက်ဆံဖို့ လိုအပ်ကြောင်း မစ္စတာ ဂျင်ဝက်ဘ်က ပြောပါတယ်။
တကယ်လို့ အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနဲ့ အပြုသဘော ဆက်ဆံမှု မရှိရင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ပြည်နယ်တခုအဖြစ် ရောက်သွားလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်ဘ်ဟာ လက်ရှိ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို ထောက်ခံသူ ဖြစ်ပါတယ်။
အဲဒီမူဝါဒ အသစ်အရ မြန်မာနိုင်ငံက ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ အဆင့်ဖြစ်အောင် ဖိအားပေးဖို့လည်း ပါတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ အမေရိကန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကင်းဘဲလ်က လာမဲ့ရွေးကောက်ပွဲဟာ လွတ်လပ်မှု မရှိပဲ တရားမျှတမှုလည်း ရှိမှာ မဟုတ်သလို အပြုသဘော ဆက်ဆံရေးလည်း တကယ်တော့ အလုပ်မဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ မစ္စတာ ဂျင်ဝက်ဘ်ကတော့ လက်မလျှော့ပဲ ဆက်ပြီး ထိတွေ့ဆက်ဆံဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။