ပြင်သစ်ထုတ်လေယာဉ်တွေ စစ်ကောင်စီအသုံးပြုနေကြောင်း JFM ပြော

စစ်ကောင်စီဟာ ပြင်သစ်နိုင်ငံထုတ် ခရီးသည်တင်လေယာဉ် (ATR) အနည်းဆုံးဆယ်စီးကို စစ်ရာဇဝတ်မှုကျူးလွန်နေပါတယ်။

မြဝတီမြို့မှ စစ်ကောင်စီဌာနဆိုင်ရာ မိသားစုဝင်များအား လာရောက်ခေါ်ဆောင်သည့် ATR လေယာဉ်ကို မဲဆောက်လေယာဉ်ကွင်းတွင် ၂၀၂၄ ခုနှစ်၊ ဧပြီ ၇ ရက်နေ့ညက တွေ့ရစဉ်။ Citizen Photo

စစ်ကောင်စီဟာ ပြင်သစ်နိုင်ငံထုတ် ခရီးသည်တင်လေယာဉ် (ATR) အနည်းဆုံးဆယ်စီးကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ဝယ်ယူခဲ့ပြီး စစ်ရာဇဝတ်မှုကျူးလွန်တဲ့ နေရာတွေမှာပါ အသုံးပြုနေတယ်လို့ Justice For Myanmar (JFM) က ဩဂုတ်လ ၂၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီလေယာဉ်တွေကို စစ်သည်နဲ့ စစ်လက်နက် သယ်ဆောင်ရေး၊ ဝေဟင်ထောက်လှမ်းရေးနဲ့ ကင်းထောက်လုပ်ငန်းတွေမှာ အသုံးပြုနေတာလို့ ဆိုပါတယ်။

အခုလို အသုံးပြုနိုင်အောင် ပြင်သစ်နိုင်ငံက ATR၊ Sabena Technics၊ ဩစတြေးလျနိုင်ငံက Axis Flight Simulation Systems အပါအဝင် ဥရောပသမဂ္ဂအတွင်းက ကုမ္ပဏီတွေနဲ့ ပြည်တွင်းမှာဆိုရင် 24 Hour Group၊ KT Group၊ Gateway Group နဲ့ Htoo Group ကုမ္ပဏီတွေက ကူညီပေးနေတာလို့ JFM က ဖော်ပြထားပါတယ်။

နိုင်ငံတကာ ကုမ္ပဏီတွေဟာ လေယာဉ်အစိတ်အပိုင်းတွေကို ပြုပြင်ပေးတာ၊ အပိုပစ္စည်း ရောင်းချပေးတာ၊ လေယာဉ်မောင်း သင်တန်းပေးတာနဲ့ စစ်ကောင်စီကို ATR လေယာဉ်တွေ ဆက်လက်အသုံးပြုနိုင်အောင် ကူညီပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြည်တွင်းကုမ္ပဏီတွေကတော့ အဲဒီလေယာဉ်တွေကို ဝယ်ယူရာမှာ အမည်ခံပေးတာ၊ ပွဲစားပြုလုပ်တာနဲ့ တစ်ဆင့်ပြန်လည်ငှားရမ်းလုပ်ကိုင်ပြီး စစ်ကောင်စီအတွက် ဝင်ငွေရရှိစေတာ စတဲ့ ပံ့ပိုးကူညီတာတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ JFM က ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ကုမ္ပဏီတွေ၊ ပုဂ္ဂလိက စစ်လက်နက်ပွဲစားတွေနဲ့ စီးပွားရေး လေကြောင်းလိုင်းတွေဟာ စစ်ကောင်စီထံ ATR လေယာဉ်တွေ ရောင်းချရာမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ကြိုးစားတဲ့အနေနဲ့ လက်ဝယ်အသုံးပြုသူကို ဖုံးကွယ်ပေးထားတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကတော့ စစ်ကောင်စီအနေနဲ့ ATR လေယာဉ်တွေ၊ အပိုပစ္စည်းတွေနဲ့ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မှုတွေကို ရရှိနေတဲ့အပေါ် လက်ခံနိုင်စရာမရှိဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။

ATR နဲ့ တခြားနိုင်ငံတကာကုမ္ပဏီတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို မြန်မာစစ်တပ်က အသုံးပြုတာ ကာကွယ်ဖို့အတွက် လုံလောက်တဲ့ ကြိုတင်စိစစ်မှုတွေ မလုပ်ဆောင်ခဲ့ဘူးလို့လည်း JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org