မြန်မာအတွက် ODA အကူအညီ ဂျပန် ပြန်ပေးမည်

မြန်မာနိုင်ငံအတွက် နှစ်ပေါင်းများစွာ ရပ်ဆိုင်းထားတဲ့ ဂျပန်နိုင်ငံ နိုင်ငံရပ်ခြား အကူအညီ ODA ကို ပြန်လည် ပေးတော့မှာ ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Genba က တရားဝင် ကြေညာဖို့ ပြင်ဆင်နေပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တိုကျိုမြို့တွင် လှည့်လည် ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: Palaung National Society-Japan) Palaung National Society-Japan

မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ထုတ်ပြန်မှာ ဖြစ်ပြီး၊ လာမယ့် အောက်တိုဘာလ ၂၁ ရက်နေ့လောက်မှာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

အခုလို မြန်မာ နဲ့ဂျပန် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံမှုဟာ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က စပြီး ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

လာမယ့် နှစ်ဖက် ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ အချက် (၄) ချက်ကို အဓိက ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ဂျပန် ရဲ့ နိုင်ငံရပ်ခြား အကူအညီ အိုဒီအေ ကိစ္စ၊ နှစ်နိုင်ငံ စီးပွားရေး ကုန်သွယ်ရေး ကိစ္စ၊ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ် နဲ့လူသား အရင်းအမြစ် ဆိုင်ရာ ကိစ္စတွေ ဖြစ်တယ်လို့ သိရပါတယ်။

အိုဒီအေ နဲ့ပတ်သက်ပြီး ပြန်လည် စတင် အကူအညီ ပေးမယ့် အထဲမှာ ဂျပန်နိုင်ငံက အရင်ကတည်းက အကူအညီပေးခဲ့တဲ့ အမှတ် ၂ ဘီလူချောင်း ရေအား လျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းလည်း ပါဝင်ပါတယ်။ အဲဒီ အကူအညီဟာ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း နောက်ပိုင်းမှာ ရပ်ဆိုင်းခဲ့တာပါ။

ဒါ့အပြင် ဂျပန်-မြန်မာ လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းလည်း ပါဝင်ပါတယ်။ ဒီအစီအစဉ်ကတော့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ အစိုးရက ပစ်ခတ် နှိမ်နင်းခဲ့တဲ့ အတွက် ရပ်ဆိုင်းခဲ့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org