မြန်မာကို ဘဏ္ဍာရေး စီးပွားရေးအကူအညီ ဂျပန်ပေးမည်
ဂျပန်နိုင်ငံဟာ မြန်မာအပေါ် ဘဏ္ဍာရေး စီးပွားရေးအကူအညီတွေ ထောက်ပံ့သွားမယ့်အပြင် မြန်မာနိုင်ငံ တင်ရှိနေတဲ့ ကြွေးမြီတွေကို ရှင်းလင်းနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ဂျပန် ဘဏ္ဍာရေးဝန်ကြီးက မနေ့က ပြောလိုက်ပါတယ်။
-
2012-10-12 -
-
-
နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ တိုကျိုမြို့မှာကျင်းပတဲ့ နှစ်ပတ်လည် ညီလာခံရဲ့ ပြင်ပ မြန်မာနိုင်ငံဆိုင်ရာ စည်းဝေးပွဲမှာ ပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ဧပြီလက သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် နိုဒါ တို့ သဘောတူညီခဲ့ကြတဲ့ အတိုင်း မြန်မာက ဂျပန်ကို ပေးချေစရာရှိတဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာ သန်း (၆) ထောင် ထဲက (၆၀) ရာခိုင်နှုန်း ကို ဂျပန်က လျှော်ပစ်မယ်လို့လည်း ကြေညာခဲ့ပါတယ်။
ကျန်တဲ့ကြွေးမြီတွေကို ပြန်ဆပ်နိုင်အောင် ဂျပန်ဘဏ်တွေဆီက အတိုးနည်း ချေးငွေတွေ ရရှိဖို့လည်း ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။ ဂျပန်ရဲ့ချေးငွေ အစီအစဉ်ကို လာမယ့် နှစ်မှာ စောနိုင်သမျှ စောစော စတင်မယ်လို့ ဂျပန် ဘဏ္ဍာရေးဝန်ကြီး က ပြောဆိုပါတယ်။
ဒီဆွေးနွေးပွဲမှာ မြန်မာဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန် နဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးတို့လည်း တက်ရောက်ခဲ့ကြ ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ IMF နဲ့ ကမ္ဘာ့ဘဏ်တို့ အပေါ် တင်ရှိနေတဲ့ ကြွေးမြီ ဒေါ်လာ သန်း (၉၅၀) ကို စတင် ပေးချေဖို့ ညှိနှိုင်းနေပြီဖြစ်ကြောင်း၊ နိုင်ငံတော် ဗဟိုပြု စီးပွားရေးစနစ် ကနေ လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေး စနစ်ဆီ ကူးပြောင်းနေတာ အပါအဝင် အသွင်ကူးပြောင်းမှု မျိုးစုံကို ဖြတ်သန်းနေကြောင်း ဦးဝင်းရှိန် က ပြောဆိုခဲ့ပြီး မြန်မာအပေါ် အကူအညီတွေ ပိုမိုပံ့ပိုးပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
IMF နဲ့ ကမ္ဘာ့ဘဏ်တို့ အပေါ် တင်ရှိနေတဲ့ ကြွေးမြီတွေ ပြန်ဆပ်နိုင်အောင် မြန်မာနိုင်ငံကို ဒေါ်လာသန်း သန်းတစ်ထောင် ချေးငှားမယ်လို့ ငွေချေးမယ့် နိုင်ငံတွေက ပြီးခဲ့တဲ့လက ကတိပြု ပြောဆိုခဲ့ကြပါတယ်။
တချိန်တည်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် စောင့်ကြည့်ဖို့ လည်း အရေးကြီးကြောင်း တိုကျိုညီလာခံမှာ ပြောဆိုခဲ့ကြပါတယ်။