ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမယ်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကိုအိချီရို ဂမ်ဘာက ဒီလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို အလည်အပတ် သွားရောက်မယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိ ချီးရိုး ဂင်းဘာ Koichiro Gemba က ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ရိပ်သာတွင် လက်ခံတွေ့ဆုံစဉ်။ AFP PHOTO / TOSHIFUMI KITAMURA AFP

မိမိအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေ တိုးတက်ခိုင်မာအောင် အကူအညီပေးချင်ပါတယ်လို့ မစ္စတာ ဂမ်ဘာက သတင်းထောက်တွေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေနဲ့ တခြား နိုင်ငံရေးပါတီတွေကို လာမယ့်နှစ် ကြားဖြတ်ရွေးကောက်ပွဲ အပြီး ဂျပန်ကို အလည်အပတ် လာရောက်ဖို့ မစ္စတာဂမ်ဘာ ဖိတ်ခေါ်မယ့်အကြောင်း ဂျပန်အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒါဟာ ၁၉၈၈ ခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပြီးတဲ့နောက် ပထမဆုံးအကြိမ် ဖိတ်တာ ဖြစ်ပါလိမ့်မယ်။

မစ္စတာဂမ်ဘာရဲ့ မြန်မာပြည် ခရီးစဉ်ဟာလည်း ၂ဝဝ၂ ခုနှစ်က အခုအထိ ဂျပန်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးအဆင့် ပထမဆုံး ခရီးစဉ်ပါ။ ဂျပန်နိုင်ငံဟာ မြန်မာ စစ်အစိုးရအပေါ် အနောက်နိုင်ငံတွေလို တင်းမာတဲ့ သဘောထားမရှိဘဲ ပုံမှန် ဆက်ဆံခဲ့ပြီး စီးပွားရေး အထောက်အပံ့တွေ ပေးခဲ့ပါတယ်။

၂ဝဝ၃ ခုမှာ စစ်အစိုးရက ဒီပဲယင်း အရေးအခင်း ဖန်တီးပြီး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက် ဖမ်းဆီးခဲ့တဲ့အခါ ဂျပန်နိုင်ငံက စီးပွားရေး အထောက်ပံ့တွေ ရပ်ဆိုင်းလိုက်ပေမယ့် လူသားချင်းစာနာရေးနဲ့ အရေးပေါ် အကူအညီတွေ ဆက်လက် ပံ့ပိုးခဲ့ပါတယ်။ မြန်မာစစ်အစိုးရကို အကြမ်းကိုင်ရင် တရုတ်ဘက်ကို တွန်းပို့သလို ဖြစ်လိမ့်မယ်လို့လည်း အနောက်နိုင်ငံတွေကို သတိပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘာဟာ လာမယ့် ဒီဇင်ဘာလ ၂၅ ရက်က ၂၉ ရက်အတွင်း မြန်မာ၊ ထိုင်း နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကို လှည့်လည်သွားပါမယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org