ဂျပန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရှေ့လကုန် သွားဖို့ စဉ်းစား

ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကိုအိချိရို ဂန်ဘ (Koichiro Genba) က မြန်မာနိုင်ငံကို ဒီဇင်ဘာ လကုန်ပိုင်းလောက် မှာ သွားရောက်လည်ပတ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိချီးရိုး ဂင်းဘာ Koichiro Gemba က ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ရိပ်သာတွင် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က လက်ခံတွေ့ဆုံစဉ်။ AFP PHOTO / TOSHIFUMI KITAMURA AFP

တကယ်လို့ မြန်မာနိုင်ငံကို သွားဖြစ်မယ်ဆိုရင် ဒီမိုကရေစီ ဖော်ဆောင်ရေးကို အခုထက်ပိုပြီး ကြိုးပမ်းအားထုတ်ဖို့ သမ္မတဦးသိန်းစိန်ကို တိုက်တွန်းပြောဆိုဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ တဆက်တည်းမှာပဲ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာပြည်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

တကယ်လို့သာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားဖြစ်မယ်ဆိုရင် ဒါဟာ ၂ဝဝ၂ ခုနှစ် နောက်ပိုင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး တဦးရဲ့ ပထမဆုံး မြန်မာပြည်ခရီးစဉ် ဖြစ်လာမှာပါ။ ဒီအတောအတွင်း ဂျပန်အစိုးရက မြန်မာကို ဖွံ့ဖြိုးမှုအကူအညီတွေ ပြန်လည်ပေးသွားမယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

ဂျပန်နိုင်ငံရဲ့ အကူအညီတွေကို ၂ဝဝ၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှု နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချလိုက်ချိန်ကစပြီး ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org