အီတလီအစိုးရက ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေအတွက် ယူရိုသုံးသန်း ထောက်ပံ့

UNHCR နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ ကနေ တစ်ဆင့် ဒုက္ခသည်စခန်းတွေမှာလိုအပ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပံ့ပိုးပေးသွားမှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာတောင်းခံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ်။ Reuters

အီတလီအစိုးရက ဘင်္ဂလားဒေ့ရှ်မှာနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်သန်းအတွက် ယူရိုငွေ သုံးသန်း ထောက်ပံ့မယ်လို့ အီတလီအခြေစိုက် ANSA သတင်းက ဖော်ပြပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ ကနေ တစ်ဆင့် ဒုက္ခသည်စခန်းတွေမှာလိုအပ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပံ့ပိုးပေးသွားမှာပါ။

ယူရိုတစ်သန်းကို မှတ်ပုံတင်တဲ့လုပ်ငန်းစဥ်၊ နေရာထိုင်ခင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ရေနဲ့ သန့်ရှင်းမှုလို UNHCR ရဲ့ အရေးကြီးဝန်ဆောင်မှုလုပ်ငန်းတွေမှာ အသုံးပြုဖို့လျာထားပါတယ်။

ကျန်တဲ့ယူရိုနှစ်သန်းကို WFP ကနေ ဒုက္ခသည်တွေအတွက် အသက်ကယ်ဆယ်ရေးအစားအသောက်အတွက် ထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။

ဒီအစီအစဉ်တွေကို ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အီတလီအစိုးရက ကတိပြုထားကြောင်း အီတလီနိုင်ငံ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး Maria Tripodi ရဲ့ ဒါကာခရီးစဉ်မှာ အလေးပေးပြောခဲ့တယ်လို့ အီတလီသံအမတ်က ပြောပါတယ်။

အသက်မွေးဝမ်းကြောင်းအခွင့်အလမ်းတွေ ကန့်သတ်ခံထားရလို့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အသက်ရှင်ဖို့အတွက် လူသားချင်းစာနာမှုအကူအညီတွေအပေါ် အလုံးစုံမှီခိုနေရပြီး လိုအပ်တဲ့ ငွေကြေးအကူအညီတွေရဖို့ စိန်ခေါ်မှုတွေရှိနေပါတယ်။

ဂျပန်အစိုးရကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနဲ့ ဘာဆန်ချာဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေ ရောဂါဖြစ်ပွားမှုလျှော့ချဖို့နဲ့ သေဆုံးတာတွေကို ကာကွယ်ဖို့ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတစ်ဆင့် လှူဒါန်းဖို့ သဘောတူလက်မှတ်ရေးထိုးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org