ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်၏ မဲဆွယ်မှု မူစလင်များမယုံကြည်

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် အဖြစ် တောင်ငူမြို့နယ်ကနေ အရွေးခံမဲ့ တောင်ပိုင်းတိုင်း တိုင်းမှူးရာထူးက နုတ်ထွက်ခဲ့သူ ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းက တောင်ငူမြို့နယ်မှာ ကြံ့ခိုင်ရေး ပါတီ အနိုင်ရခဲ့ရင် လက်ရှိ ဖွင့်ထားတဲ့ ဗလီတွေကို ပြန်လည် ပြင်ဆင်ခွင့် ပြုမဲ့အပြင် ပိတ်ထားတဲ့ ဗလီတွေကိုပါ ပြန်ဖွင့်ပေးမယ်လို့ ပြောဆိုစည်းရုံးခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်မြို့ရှိ ပလီတခုတွင် အိဒ်နေ့ ဝတ်ပြုဆုတောင်းနေသော အစ္စလာမ် ဘာသာဝင်များ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ဒါပေမဲ့ ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဗလီကိစ္စကြောင့် ဦးအောင်မင်းရဲ့ မဲဆွယ်စည်းရုံးမှု အပေါ် မယုံကြည်ကြကြောင်း မြို့ခံ အစ္စလာမ် ဘာသာဝင်တဦးက ပြောပါတယ်။

“တောင်ငူမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ပိတ်ထားတဲ့ ပလီတွေပေါ့၊ တောင်ငူမှာ လေးလုံးကလွဲရင် ရှစ်လုံး၊ ကိုးလုံးလောက်ကို ပိတ်ထားတယ်။ အဲဒီဟာတွေကို တောင်ငူမှာ အရွေးခံမဲ့ ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းကနေ သူတို့ ကြံ့ခိုင်ရေးသာ အရွေးခံရလို့ရှိရင် ဒီပလီတွေကို ပြန်ဖွင့်ပေးပါမယ် ဆိုပြီးတော့ မူစလင်တွေကို သူက စည်းရုံးထားတာ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်က တောင်ဥက္ကလာမှာ ဖြစ်တဲ့ ပလီတွေကို ဦးအောင်သိန်းလင်းက ပြန်ပြင်ခွင့် ပေးပြီးတော့ တခါ တိုင်းအဆင့် အာဏာပိုင်တွေက ပလီပြင်ဆင်ခွင့်ကို ပိတ်ပင်လိုက်တဲ့ ကိစ္စ ပေါ်ပေါက်လာတဲ့အခါကျတော့ ဒီတောင်ငူမှာ ရှိတဲ့ မူစလင်တွေကြားမှာ ဗိုလ်ချုပ်အောင်မင်းရဲ့ ပြောဆိုမှုကို ယုံကြည်မှု ပျက်ပြားသွားတယ်ပေါ့။”

တောင်ဥက္ကလာပမြို့နယ်မှာ စည်းရုံရေးဆင်းခဲ့တဲ့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ကြံ့ခိုင်ရေး ပါတီဝင် ၅၀၀ စုဆောင်းပေးနိုင်ရင် ဗလီဆောက်ခွင့်ရမယ်လို့ အစ္စလမ်ဘာသာဝင်တွေကို စည်းရုံးခဲ့ရာမှာ ပါတီဝင် ၇၅၀ စုဆောင်းပေးလိုက်တဲ့အတွက် မြို့တော်ဝန်အနေနဲ့ ဗလီဆောက်ခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ ရန်ကုန်တိုင်းမှူးအမိန့်နဲ့ ဗလီဆောက်ခွင့်ကို ပြန်ပိတ်လိုက်ကြောင်းသိရပါတယ်။

အဲဒါကြောင့် တောင်ငူမြို့နယ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းရဲ့ မဲဆွယ် စကား အပေါ် တောင်ငူ မူစလင်တွေက မယုံကြည် ကြတဲ့အပြင်၊ ဦးအောင်မင်းရဲ့ မဲဆွယ်စာရွက်မှာလည်း ကိုယ့် အမျိုးကိုယ့်ဘာသာကို ကာကွယ် စောင့်ရှောက်ပေးမယ်လို့ ဆိုထားတဲ့အတွက် တခြားဘာသာတွေကို ကာကွယ် စောင့်ရှောက်မှု ပေးမှာမဟုတ်ကြောင်း အဓိပ္ပာယ်ထွက်နေတယ်လို့ ပြောဆိုနေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် မြန်မာ မူစလင်သဟာယအသင်း BMC ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနေရိုင်းက အခုလို ဘာသာရေးကို နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချတာဟာ မလိုလားအပ်တဲ့ ဘာသာရေး ပဋိပက္ခတွေလည်း ပေါ်ပေါက်လာနိုင်ကြောင်း သတိပေး ပြောဆိုခဲ့ပါတယ်။

“၁၉၆၂ ကတည်းက ဒီ စစ်အစိုးရရဲ့ ပေါ်လစီက လူတွေသာ ပြောင်းသွားတယ်၊ သူရဲ့ လုပ်ပုံလုပ်နည်းတွေက မပြောင်းဘူးဗျ။ အဲဒါ ဘာသာတရားနဲ့ ပတ်သက်ပြီးတော့ ခုတုံးလုပ်မယ် ဆိုတာကတော့ ဒါကတော့ သေချာပေါက် လုပ်မဲ့ အလုပ်တခု ဖြစ်တယ်။ ဘာအတွက်လဲဆိုရင် လူတွေရဲ့ စိတ်ဓာတ်က ဘာသာတရားအပေါ်မှာ အစဉ်အလာ စွဲလမ်းယုံကြည်မှုက ကြီးမားတဲ့ အင်အားကြီးတခု ဖြစ်တော့ ဘာသာတရားတွေနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်တဲ့ နေရာမှာ လွယ်ကူမှု ရှိတဲ့အပေါ်မှာ သူက လူတွေကို သွေးခွဲမယ်၊ အာရုံပြောင်းအောင် လုပ်မယ်၊ ကျွန်တော်တို့က သတိထားရမယ်၊ အဲလို ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်လာအောင်၊ ဘာသာတခုက နောက် ဘာသာတခုကို လေးစားတတ်အောင်၊ ဒီ ဘာသာကြီး လေးရပ်လုံးကလည်းပဲ စုစည်းမှု၊ ညီညွတ်မှု၊ ချစ်ခင်မှုနဲ့ စစ်အစိုးရရဲ့ လှည့်ကွက်ထဲမှာ မဝင်နိုင်အောင် သတိထားရမယ်။”

အဲဒါအပြင် ဘာသာရေးကို ခုတုံးလုပ်တဲ့ စစ်အစိုးရဲ့လုပ်ရပ်တွေဟာ သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့လည်း ဆန့်ကျင်နေတယ်လို့ ဦးနေရိုင်းက ပြောကြားသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org