အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာတွေ အပြည့်အဝရဖို့ တောင်းဆို

ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ပြီး အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရနိုင်ဖို့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ အလုပ်သမားအဖွဲ့အစည်းတွေက ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်မြို့ လှည်းတန်းလမ်းမတွင် ရန်ကုန်လူထုသပိတ်မှ နိုင်ငံတကာ အလုပ်သမားနေ့အကြို စစ်အာဏာရှင် ဆန့်ကျင်ရေး ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်

ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ပြီး အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရနိုင်ဖို့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ အလုပ်သမားအဖွဲ့အစည်းတွေက ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ လွတ်လပ်စွာသင်းပင်း ဖွဲ့စည်းခွင့်မရတာ၊ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) က ရေးသားထားပါတယ်။

အလုပ်သမားရေးလှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေလည်း မတရားအသင်း ကြေညာခံရတာ၊ နိုင်ငံကူးလက်မှတ်နဲ့ နိုင်ငံသားအဖြစ်ကနေရပ်စဲခံရတာ၊ ဖမ်းဆီးနှိပ်စက်ခံရတာတွေ ရှိနေတယ်လို့ CTUM က ဆိုပါတယ်။

အကြမ်းမဖက် CDM လုပ်ထားတဲ့ ဝန်ထမ်းလေးသိန်းခန့်ကိုလည်း လိုက်လံဖမ်းဆီး ထောင် ချတာ၊ နေအိမ်တွေချိတ်ပိတ်တာတွေနဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ တွေဟာ အလုပ်သမား အခွင့်အရေးနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်တယ်လို့ CTUM က ရှုတ်ချထားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ အလုပ်သမားထုပါဝင်မှုဟာ အခရာ ကျခဲ့ပြီး ဖမ်းဆီးခံရသူတွေ၊ အသက်သေဆုံးခဲ့ရသူ‌တွေအတွက် ဂုဏ်ပြုကြောင်းကိုလည်း သွေးစည်းညီညွတ်သော အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (STUM) နဲ့ တိုးတက်သော မွတ်စ်လင်မ်လူငယ်အစည်းအရုံးကလည်း ဒီနေ့မှာပဲ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကလည်း သူတို့အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် အပါအဝင် အလုပ်သမားရေး လှုပ်ရှားသူတွေ၊ ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှ‌တ်ပေးဖို့ တောင်းဆိုထားပါတယ်။

(ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့မှာ အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒပြခဲ့ကြတဲ့ စက်ရုံလုပ်သားတွေကို တွေ့ရစဉ်။Photo-Reuters)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ချိန်မှာ အလုပ်သမားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အကာအကွယ်ပေးမယ့် ယန္တရားတစ်ခုအကောင်အထည်ဖော်သွားမယ်လို့ ဒီနေ့ အလုပ်သမားနေ့ အခမ်းအနားမှာ ပြောလိုက်ပါတယ်။

နွေဦးတော်လှန်ရေးမှာ အလုပ်သမား အယောက် ၃၀ သတ်ဖြတ်ခံရပြီး မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူချုပ် ကိုသက်နှင်းအောင် အပါအဝင် အလုပ်သမားပေါင်း (၁၀၀)ကျော် မတရားဖမ်းဆီး ချုပ်နှောင်ခံနေရတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၁ ခုနှစ် မတ်လဒုတိယပတ်အတွင်း လှိုင်သာယာမြို့နယ်ထဲ ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲမှုကြောင့် သေဆုံးသူ ရာဂဏန်းနီးပါး ရှိခဲ့တဲ့အထဲမှာ အများစုကအလုပ်သမားတွေ ဖြစ်ပါတယ်။

ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် စကားဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရက အွန်လိုင်းကနေ ကျင်းပခဲ့တာဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံးမှာ အလုပ်လက်မဲ့ဖြစ်ခဲ့ရတဲ့ အလုပ်သမားဦးရေဟာ ၁ ဒဿမ ၆ သန်းကျော် ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ စာရင်းတွေအရ သိရပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org