သေဒဏ်စီရင်မှုကို အစာငတ်ခံဆန္ဒပြတဲ့ နိုင်ကျဉ်း ၁၁ ဦး တိုက်ပိတ်ခံထားရ
NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက်ကျောင်းသား ဦးဂျင်မီအပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်မိန့် အတည်ပြုတာ မကျေနပ်လို့ အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသားတချို့ အစာငတ်ခံ ဆန္ဒပြခဲ့တာကြောင့် တိုက်ပိတ်ခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။
- 2022-06-14
-
-
-
NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက်ကျောင်းသား ဦးဂျင်မီအပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်မိန့် အတည်ပြုတာ မကျေနပ်လို့ အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသားတချို့ အစာငတ်ခံ ဆန္ဒပြခဲ့တာကြောင့် တိုက်ပိတ်ခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က သပြေဆောင်၊ အဆောင် (၂) မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး အစာငတ်ခံဆန္ဒပြခဲ့တာဖြစ်ပြီး ထောင်အာဏာပိုင်တွေက ဝင်ရောက်ရိုက်နှက်ခဲ့တာတွေလည်းရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး ဦးထွန်းကြည်က ပြောပါတယ်။
"ဆန္ဒပြတုန်းက ရိုက်နှက်ခံရလို့ ဒဏ်ရာနည်းနည်းပါးပါး ရတယ်။ အခုတော့ ၁၁ ယောက်လုံး တိုက်ပိတ်ခံထားရပါတယ်။ ဆန္ဒပြတဲ့ ၈ ရက်နေ့ ညနေဘက်ပဲ ဝင်ရိုက်ခံရတာ။ ဝင်ရိုက်ခံရတဲ့ သူတွေအများစုက ပုဒ်မ-၅၀၅ နဲ့ အစွဲခံရတဲ့သူတွေများတယ်။ ရိုက်နှက်ခံရတဲ့သူတွေကို အပြင်ကို သတင်းပေါက်ရင် ဘာလုပ်မယ်ဆိုတာမျိုး ခြိမ်းခြောက်တယ်”
ထောင်အာဏာပိုင်တွေက ရိုက်နှက်လို့ ဒဏ်ရာရထားတဲ့ သူတွေရှိပေမယ့် အခြေအနေ အသေးစိတ်ကိုတော့ အတိအကျ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသား ၁၁ ဦးကို အစာငတ်ခံ ဆန္ဒပြလို့ တိုက်ပိတ်ထားတယ်ဆိုတဲ့ ဖြစ်ရပ်မျိုးမရှိဘူးလို့ ဇွန်လ ၁၄ ရက် ဒီနေ့မှာ အကျဉ်းဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေက ငြင်းဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကလည်း အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသား အမျိုးသမီးအဆောင်မှာ ကလေးမီးဖွားဖို့ အချိန်မီ မပို့ဆောင်ခဲ့တာကြောင့် ကလေးပျက်ကျသေဆုံးခဲ့ရတဲ့အပေါ် ထောင်အာဏာပိုင်တွေကို ဆန္ဒပြခဲ့တာကြောင့် သောက်ရေ ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁,၀၄၃ ဦး ရှိပြီး အဲဒီထဲက ၁၁၃၂ ဦး ထောင်ဒဏ်ချမှတ်ခံထားရသလို ၇၃ ဦး သေဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန်လ ၁၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။