ထောင်ဝင်စာပို့ခွင့်နဲ့ ထောင်တွင်း အထူးတရားရုံး ပြန်ဖွင့်

ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင် ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း တစ်နိုင်ငံလုံး ပိတ်ထားခဲ့တဲ့ ထောင်တွင်း အထူးတရားရုံးနဲ့ ထောင်ဝင်စာပို့ခွင့်ကို အောက်တိုဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်း ပြန်စဖွင့်လိုက်တယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ ထွက်လာသည့် အချုပ်ကားတစ်စီးကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့မှာ တွေ့ရစဉ်။ Photo: RFA

ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင် ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း တစ်နိုင်ငံလုံး ပိတ်ထားခဲ့တဲ့ ထောင်တွင်း အထူးတရားရုံးနဲ့ ထောင်ဝင်စာပို့ခွင့်ကို အောက်တိုဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်း ပြန်စဖွင့်လိုက်တယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က အင်းစိန်ထောင်တွင်း ထောင်ဝင်စာ ပါဆယ်ပို့တဲ့ ဌာနမှာ ပေါက်ကွဲမှုဖြစ်လို့ လူရှစ်ဦးသေဆုံးခဲ့ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပေမယ့် ဒီနေ့မှာ ပြန်ဖွင့်လိုက်တာလို့ အကျဉ်းထောင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထောင်တွင်းတရားရုံးနဲ့ ထောင်ဝင်စာပို့ခွင့် ၁၂ ရက်ကြာ ပိတ်ထားခဲ့တာကြောင့် ထောင်တွင်း ကျန်းမာရေး မကောင်းသူတွေနဲ့ တရားရင်ဆိုင်နေရဆဲ ဖြစ်နေသူတွေအတွက် အခက်အခဲဖြစ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက RFA ကိုပြောပါတယ်။

"မှန်ပါတယ်။ ကျနော်က အင်းစိန်ထောင်ထဲက ဝန်ထမ်းသုံးဦးကို အတည်ပြုထား ပါတယ်။ ဒီသတင်းမှန်တယ်လို့ ပြောတယ်။ အထူးတရားရုံးလည်း ပြန်ဖွင့်ပြီဆိုတော့ ရုံးချိန်းတွေ ပြန်သွားရပြီပေါ့။ ဆေးတွေ၊ စားသောက်စရာတွေ ပုံမှန်ပို့ခွင့်ရပြီဆိုတော့ မိသားစုတွေတွေလည်း စိတ်အေးရပြီပေါ့"

အကျဉ်းကျနေသူ အများစုဟာ ထောင်ထဲမှာကျွေးတဲ့ အစားအသောက်တွေ မကောင်းလို့ ထောင်အပြင်က အစားအစာ ၉၀ ရာခိုင်နှုန်းကိုပဲ မှီခို စားသောက်နေရတယ်လို့ သူကဆိုပါတယ်။

ထောင်ဝင်စာတွေ့ဆုံခွင့်ကိုတော့ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လကတည်းက ပိတ်ထားပြီး အစားအသောက် ပို့ခွင့်ကတော့ နှစ်ပတ်တစ်ခါ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တိတိကျကသိရဖို့ အကျဉ်းဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် နေ့လယ်ပိုင်းအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org