အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားလေးဦး ရိုက်နှက်တိုက်ပိတ်ခံရပြီး ဆေးကုသခွင့်မရ

RFA Burmese
2024.03.02
အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားလေးဦး ရိုက်နှက်တိုက်ပိတ်ခံရပြီး ဆေးကုသခွင့်မရ ရန်ကုန်မြို့ အင်းစိန်ထောင် အဝင်ဝအား ၂၀၂၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နိုင်ငံရေးအကျဉ်းသားလေးဦး ရိုက်နှက်တိုက်ပိတ်ခံထားရပြီး ဒီနေ့အချိန်အထိ ဆေးဝါးကုသခွင့် မရသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ကိုထက်၊ ကိုထွေးလေး၊ ကိုမြတ်နိုးမောင်နဲ့ ကိုသော်ဇင်ဦးတို့ကို ထောင်ဘောလုံးကွင်းမှာ ဘောလုံးကစားအချိန် စကားများ ရန်ဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထောင်ဝန်ထမ်းတွေနဲ့ နှစ်ကြီးအကျဉ်းသားတချို့က ဝိုင်းပြီးရိုက်နှက်ကြတာလို့ဆိုပါတယ်။

ရိုက်နှက်ခံရတဲ့ အကျဉ်းသားလေးဦးဟာ ဦးခေါင်း၊ မျက်နှာနဲ့ ကိုယ်လက်ဖူးယောင်ကွဲရှ ဒဏ်ရာတွေရရှိခဲ့ပေမယ့် ဆေးဝါးကုသခွင့် ဒီနေ့အထိမရသေးဘဲ တိုက်ပိတ်ခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကျဉ်းထောင်တွေမှာ အခုနောက်ပိုင်း နှိပ်စက်တာတွေ ပိုဆိုးလာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

“မြန်မာပြည် အကျဉ်းထောင်တွေရဲ့ အခုနောက်ပိုင်းဖြစ်စဉ်တွေမှာ အဆိုးရွားဆုံးအခြေအနေဖြစ်တယ်ပေါ့ဗျာ။ နာဇီလက်ထက်မှာ ဂျူးတွေကိုနှိပ်စက်ဖို့အတွက် ထောင်တွေကိုတည်ဆောက်ခဲ့သလိုပဲ လက်ရှိ မြန်မာပြည် အကျဉ်းထောင် ဝန်ထမ်းတွေအားလုံးက နာဇီတွေရဲ့ပုံစံအတိုင်းပဲ အကျဉ်းသားတွေကို ဖိနှိပ်လာတယ်”

အကျဉ်းသားတွေ ရိုက်နှက်တိုက်ပိတ်ခံရပြီး ဆေးဝါးကုသခွင့်မရတာနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

၂၀၂၃ ခုနှစ် နိုဝင်ဘာလကလည်း အလားတူ ကိစ္စမျိုးဖြစ်ခဲ့ပြီး အဲဒီအချိန်က နိုင်ငံရေးအကျဉ်းသားသုံးဆယ်ကျော် ရိုက်နှက်တိုက်ပိတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၁ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးအကျဉ်းချခံထားရသူ နှစ်သောင်းကျော် (၂၀,၁၄၇) ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။