ကျွန်းမျောဧရိယာထဲမှာဆောက်မယ့် ဟိုတယ်ကို ဒေသခံတွေ ကန့်ကွက်

ရှမ်းပြည်နယ် ညောင်ရွှေမြို့က သဘာဝထိန်းသိမ်းရေးနယ်မြေ အင်းလေးကန်ဧရိယာ မိုင်းသောက်ကျေးရွာထဲက ကျွန်းမျောဧရိယာ ၉ဝ ထဲမှာ ဟိုတယ်ဆောက်ဖို့ ကုမ္ပဏီတစ်ခုက လျှောက်ထားတာကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ကန့်ကွက်တဲ့အတွက် မနေ့ကစပြီး လက်မှတ်တွေ ကောက်ယူနေပါတယ်။

ရှမ်းပြည်နယ် ညောင်ရွှေမြို့က အင်းလေးကန်ကို တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ် ညောင်ရွှေမြို့က သဘာဝထိန်းသိမ်းရေးနယ်မြေ အင်းလေးကန်ဧရိယာ မိုင်းသောက်ကျေးရွာထဲက ကျွန်းမျောဧရိယာ ၉ဝ ထဲမှာ ဟိုတယ်ဆောက်ဖို့ ကုမ္ပဏီတစ်ခုက လျှောက်ထားတာကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ကန့်ကွက်တဲ့အတွက် မနေ့ကစပြီး လက်မှတ်တွေ ကောက်ယူနေပါတယ်။

အဲဒီကျွန်းမျောတွေဟာ အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် နုန်းမြေတွေကို ထိန်းထားတာဖြစ်တာကြောင့် အဲဒီနေရာမှာ ဟိုတယ်ဆောက်မှာကို လက်မခံနိုင်တာဖြစ်တယ်လို့ အင်းလေးကန် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ် တဲ့ Save the Inlay Lake အဖွဲ့က ကိုခင်မောင်လတ်က ပြောပါတယ်။

"အင်းလေးကန်က ဘေးမဲ့တောဧရိယာ၊ နောက် လူသားနှင့်ဇီဝဧရိယာနယ်မြေအတွင်းမှာလည်း ရှိတာဖြစ် တာပေါ့နော်။ နောက်အဲဒီနေရာကလည်း သဘာဝနုန်းထိန်း၊ နုန်းတားပေးနေတဲ့ သဘာဝကျွန်းမျော ကိုင်းတောကြီးဖြစ်တယ်ပေါ့နော်။ မြေလွတ်မြေရိုင်း အသုံးချခွင့်ထွက်လာတယ်ဆိုရင်လည်း ဒါကလည်း အင်းလေးကန်သစ်တော၊ ဘေးမဲ့တော ၊ ဇီဝဝန်းနယ်မြေက ပယ်ဖျက်ထားပြီးသား ဖြစ်နေရမှာပေါ့နော်။ အဲဒီတော့ ကျနော်တို့က အင်းလေးကဧက ၉ဝ ကျော်ပေါ်မှာ ဟိုတယ်ဆောက်မယ်ဆိုရင် အင်းလေးကန် သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးစရာ ဖြစ်လာနိုင်တယ်ပေါ့နော်။ အဲဒီအပေါ်မှာ ဆောက်ရင်ပေါ့"

အဲဒီကျွန်းမျောဧရိယာတွေအပေါ်မှာ Myanmar Naing Group ကုမ္ပဏီက ဟိုတယ်ဆောက်ဖို့ လျှောက်ထားကြောင်း၊ သြဂုတ် ၁၅ ရက်မတိုင်ခင် ကန့်ကွက်နိုင်တဲ့အကြောင်း ညောင်ရွှေမြို့နယ် မြေစာရင်းဦးစီးဌာနကနေ ထုတ်ပြန်ထား တယ်လို့ သိရပါတယ်။

အဲဒါကြောင့် အင်းလေးကန်ဧရိယာထဲမှာရှိတဲ့ ကျေးရွာအုပ်စု ၃၅ ခုက ကျေးရွာပေါင်း ၄၄ဝ ကျော်မှာ နေထိုင်ကြတဲ့ ဒေသခံတွေဆီကနေ လက်မှတ်တွေကို ဇူလိုင် ၃၁ ရက်အထိ ကောက်ယူမှာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာလည်း အင်းလေးကန်မှာ ဟိုတယ်အလုံးပေါင်း ၁ဝဝ ကျော်ရှိပြီး ဧည့်သည်အဝင်နည်းတာကြောင့် တချို့ဟိုတယ်တွေက ပိတ်ထားရပြီး တချို့ကတော့ ဝန်ထမ်းတွေကို လျှော့ထားရတယ်လို့လည်း သိရပါတယ်။

အင်းလေးကန်ဟာ အာဆီယံအမွေအနစ်စာရင်းဝင် ရေတိမ်ဒေသဖြစ်ပါတယ်။ အင်းလေးကန်ကို မြန်မာနိုင်ငံရဲ့ ပထမဆုံးသော လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ် ကုလသမဂ္ဂယူနက်စကိုအဖွဲ့က ၂ဝ၁၅ ခုနှစ် ဇွန်လမှာ သတ်မှတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org