ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေး အင်ဒိုနီးရှားအစိုးရ အထူးကိုယ်စားလှယ် ခန့်အပ်ဖွယ်ရှိ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရက အထူးကိုယ်စားလှယ် တစ်ယောက် ခန့်အပ်ဖွယ်ရှိကြောင်း ဂျကာတာပို့စ် သတင်းစာက ဖော်ပြပါတယ်။

အင်ဒိုနီးရှား ဒုတိယ သမ္မတဟောင်းလည်းဖြစ် PMI ခေါ် အင်ဒိုနီးရှား ကြက်ခြေနီအသင်း ဥက္ကဋ္ဌ လည်းဖြစ်တဲ့ မစ္စတာ Jusuf Kalla ကို အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူဖို့ တိုက်တွန်းခဲ့ရာမှာ မစ္စတာ Kalla က သဘောတူ လက်ခံခဲ့ကြောင်း သမ္မတ ယိုဒိုယိုနိုက ပြောပါတယ်။

ဒါ့အပြင် မစ္စတာ Kalla ဟာ အင်ဒိုနီးရှားမှာ အလားတူ ပဋိပက္ခတွေကို ဖြေရှင်းခဲ့တဲ့ အတွေ့အကြုံရှိခဲ့တာကြောင့် ဒီတာဝန်နဲ့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ မကြာခင်ကလည်း မြန်မာပြည်ကို သွားရောက်ပြီး ပဋိပက္ခ အခြေအနေတွေကို တိုက်ရိုက် ကြည့်ရှု လေ့လာခဲ့ကြောင်းလည်း သမ္မတ ယိုဒိုယိုနိုက ပြောပါတယ်။

မြန်မာအစိုးရဟာ တခြားအဖွဲ့အစည်းတွေနဲ့ အတူ မစ္စတာ Kalla ဦးဆောင်တဲ့ PMI အင်ဒိုနီးရှား ကြက်ခြေနီအသင်းကို ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ကူညီရေးပစ္စည်းတွေ ပေးခွင့်ပြုခဲ့ပါတယ်။ မစ္စတာ Kalla ဟာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မစ္စတာ Kalla ဟာ လာမယ့် စက်တင်ဘာ (၈) ရက်နေ့မှာ မြန်မာနိုင်ငံကို ထပ်မံသွားရောက်ပြီး ဒေသခံ အရေးကြီးပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမယ်လို့ သိရကြောင်း သမ္မတ ယိုဒိုယိုနိုက ပြောပါတယ်။

ဒီအတွင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကလည်း ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး ပေါ်ပေါက်နေတဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေကြောင်း လက်ရှိ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားရဲ့ နိုင်ငံခြားရေးဌာနက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာရေးဆိုင်ရာ လိုအပ်တဲ့ အကူအညီတွေကို မြန်မာအစိုးရက တောင်းခံလာမယ်ဆိုရင် မိမိတို့အနေနဲ့ ကူညီဖို့အသင့်ရှိနေကြောင်း၊ မြန်မာအစိုးရက မိမိ ပြည်တွင်းရေး ပြဿနာကို ကုလသမဂ္ဂ အပါအဝင် တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့အပေါ် ကြိုဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org