မြန်မာအပြောင်းအလဲ နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ သဘောမရှိလို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးမြင်

မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေဟာ နောက်ကြောင်း ပြန်လှည့်လို့ မရနိုင်တဲ့ အပြောင်းအလဲတွေ ဖြစ်ဟန်ရှိကြောင်း သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အပြီး အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောလိုက်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါ (Marty Natalegawa) ၏ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က စတင်ခဲ့သည့် သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ဓါတ်ပုံ - RFA RFA

မြန်မာ ခရီးစဉ်က အပြန် စင်္ကာပူ ခရီးတထောက် ရပ်နားစဉ် တနင်္ဂနွေနေ့က Reuters သတင်းဌာနက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာတီ နာတလီဂါဝါ (Marty Natalegawa) က အခုလို ဖြေကြားလိုက်တာပါ။

မြန်မာနိုင်ငံက အပြောင်းအလဲတွေကို မိမိအနေနဲ့ ယုံကြည်လိုပြီး ဒီလုပ်ငန်းတွေဟာ နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ သဘောမရှိဘူးလို့ ထင်မြင်မိကြောင်း၊ လုပ်ငန်းစဉ်တွေ ရပ်သွားနိုင်တဲ့ အနေအထား တစ်စုံတစ်ရာ မတွေ့ခဲ့ရကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲလာအောင် ပိတ်ဆို့ အရေးယူ ပြစ်ဒဏ်ခတ်ထားခံရတဲ့ နိုင်ငံတွေ အတွက် အခု အခြေနေဟာ ပြုပြင် ပြောင်းလဲနေတဲ့ အချိန် ရောက်ပြီလို့ မိမိ ပြောနိုင်ကြောင်းလည်း Mr. Natalegawa က ဆိုပါတယ်။

မြန်မာနိုင်ငံ အခြေအနေဟာ အထူး အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပြီး ၂၀၁၄ ခုနှစ် အတွက် မြန်မာကို အာဆီယံ ဥက္ကဋ္ဌ တာဝန်ပေးခြင်းအားဖြင့် တိုင်းပြည် ဒီမိုကရေစီ ပြောင်းလဲရေးကို ပိုအားပေးရာ ရောက်သလို ဆတက်ထမ်းပိုး ပွင့်လင်းလာနိုင်တဲ့ အကျိုးကျေးဇူးတွေ ရမှာဖြစ်ကြောင်း မိမိနဲ့ တွေ့ဆုံခဲ့တဲ့သူ အများစုက ပြောကြားခဲ့ကြတယ် လို့လည်း သူက ဖြေပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဟာ အောက်တိုဘာ ၂၈ ရက်က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး မနေ့က မနက်ပိုင်းမှာ မြန်မာနိုင်ငံက ပြန်လာခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org