အိန္ဒိယက ရိုဟင်ဂျာဒုက္ခသည် ဒုတိယအသုတ် မြန်မာနိုင်ငံပြန်ပို့မည်
ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်း တရားမဝင် ရောက်ရှိနေကြတဲ့ မွတ်စလင် ဒုက္ခသည် ဒုတိယအသုတ်ကို ပြန်ပို့ဖို့ ဒေသအာဏာပိုင်တွေ စီစဉ်နေကြပါတယ်။
-
2019-01-02 -
-
-
ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်း တရားမဝင် ရောက်ရှိနေကြတဲ့ မွတ်စလင် ဒုက္ခသည် ဒုတိယအသုတ်ကို ပြန်ပို့ဖို့ ဒေသအာဏာပိုင်တွေ စီစဉ်နေကြပါတယ်။
အာသံပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ မွတ်စလင် ဒုက္ခသည်တွေထဲ ၅ ဦးကို ဒီသီတင်းပတ် ကုန်ပိုင်းမှာ မြန်မာနဲ့ နယ်စပ်ဖြစ်တဲ့ မိုးရေးမြို့မှာ မြန်မာအာဏာပိုင်တွေထံ လွှဲပြောင်းမှာဖြစ်ကြောင်း သိရပါတယ်။
၂ဝ၁၈ ခုနှစ် အောက်တိုဘာလက ဒုက္ခသည် ၇ ဦးကို မြန်မာဘက် ပြန်ပို့ခဲ့ပါတယ်။
အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ၂ဝ၁၅ ခုနှစ်ကစလို့ အခုထိ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင် အနည်းဆုံး ၄၇၈ ဦးကို ပြန်ပို့ခဲ့ပြီးဖြစ်ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့က လွှတ်တော်မှာ အစီရင်ခံခဲ့ပါတယ်။
ဒါ့ပြင် အိန္ဒိယရောက် ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ဇီဝဆိုင်ရာအချက်အလက်တွေကို စုဆောင်းဖို့ ပြင်ဆင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါ့ပြင် သူတို့ကို ဒုက္ခသည်စခန်းတွေမှာ ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံကို အသုတ်လိုက် ပြန်ပို့မယ်လို့လည်း သိရပါတယ်။
အခုလို မြန်မာနိုင်ငံက မွတ်စလင်ဒုက္ခသည်တွေ ခိုးဝင်လာနေတာဟာ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။