တရားမဝင်နေထိုင်သူ ငါးထောင်ကျော် နေရပ်ပြန်ပို့ရေး မဏိပူရ်အစိုးရ စီစဉ်နေ
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၅,၄၅၇ ဦးရှိပြီး အဲဒီထဲက ၅,၁၇၃ ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
-
RFA Burmese
2024-05-08 -
-
-
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ငါးထောင်ကျော်ရဲ့ ကိုယ်ရေး အချက်အလက်တွေ ကောက်ယူထားပြီး နေရပ်ပြန်ပို့မယ့်အစီအစဉ်တွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက သူ့ရဲ့လူမှုကွန်ရက် X ခေါ် တွစ်တာမှာ မေလ ၈ ရက်နေ့က ရေးသားလိုက်ပါတယ်။
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၅,၄၅၇ ဦးရှိပြီး အဲဒီထဲက ၅,၁၇၃ ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကို မဏိပူရ်အစိုးရက ကောက်ယူထားပြီးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အခုလို ရွှေ့ပြောင်းနေထိုင်နေသူတွေကို မဏိပူရ်ပြည်နယ်အစိုးရက မြန်မာပြည် ပြန်ပို့မယ့်ကိစ္စမှာ စစ်ဘေးဒုက္ခသည်တွေအတွက် စိုးရိမ်ရတယ်လို့ India For Myanmar ရဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
“မြန်မာပြည်ပြန်ပို့မယ့်ဟာ ဖြစ်သွားရင် Biometric အခြေခံပြီး ပြန်ပို့ခံရတဲ့သူ ပြည်သူတစ်ဦးချင်းဆီရဲ့ လုံခြုံရေးကို ထိခိုက်နိုင်ခြေရှိတာပေါ့။ အခုလောလောဆယ် အိန္ဒိယနိုင်ငံကို စစ်ဘေးလာရှောင်တဲ့သူတွေကို UNHCR က ကူညီပေးနေတာလည်း မရှိဘူး။ အရပ်ဘက်အဖွဲ့အစည်းတချို့ကပဲ ကူညီပေးတာရှိတော့ အလုပ်လည်း မလုပ်နိုင်ဘူး။ သာမန် စစ်ရှောင်နေရတာနဲ့ မတူဘူး။ ပြန်ပို့တဲ့ဟာဖြစ်သွားရင် သူတို့လုံခြုံရေးအတွက် စိုးရိမ်ဖို့ကောင်းတာတင်မကဘဲ သူတို့စားဝတ်နေရေး နေ့စဉ်လိုအပ်ချက်တွေ အကျပ်ရိုက်တာမျိုးတွေ ဖြစ်လာနိုင်တယ်။”
နေရပ်ပြန်ပို့မယ့်အစီအစဉ် အသေးစိတ်ကိုတော့ မဏိပူရ်အစိုးရက ထုတ်ပြောတာမရှိသေးပါဘူး။
မြန်မာနိုင်ငံသားတွေကို မြန်မာပြည်ပြန်မပို့ဖို့ မဏိပူရ်ပြည်နယ်အစိုးရအပါအဝင် အိန္ဒိယအစိုးရတာဝန်ရှိသူတွေထံ India For Myanmar က အကြံပြုစာတွေ ပေးပို့သွားဖို့လည်း စီစဉ်နေပါတယ်။
မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်အခြေချနေထိုင်သူတွေ များလာတာကြောင့် ပြည်နယ်တွင်း မြေယာ၊ အလုပ်အကိုင်နဲ့ ဒေသခံတွေရဲ့ ရပိုင်ခွင့်တွေကို ထိပါးလာပြီး ၂ဝဝ၆ ခုနှစ်နောက်ပိုင်း မဏိပူရ်ပြည်နယ်မှာ ကျေးရွာအသစ် ၉၉၆ ရွာ ပေါ်ပေါက်လာတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက ဧပြီလတွင်းမှာ ပြောထားပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂၁၀ ရှိပြီး တရားမဝင်နေထိုင်မှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၇၆ ဦးထဲက ပထမအသုတ်အဖြစ် ၃၈ ဦးကို ပြည်နယ်အာဏာပိုင်တွေက မေလ ၂ရက်နေ့မှာ ပြန်လည်ပို့ဆောင်ပြီး ဖြစ်ပါတယ်။