အိန္ဒိယ - မြန်မာနယ်စပ် မြေမြှုပ်မိုင်း မကြာခဏပေါက်ကွဲမှု အိန္ဒိယအစိုးရ စုံစမ်းစစ်ဆေးမည်

အိန္ဒိယ - မြန်မာ နယ်စပ် မြေမြုပ်မိုင်း မကြာခဏပေါက်ကွဲမှုတွေကို စစ်ဆေးသွားမယ်လို့ မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်း က ဩဂုတ် ၃ ရက်နေ့မှာ ပြောပါတယ်။

ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆက်သွယ်ထားသည့် ရိဒ်- ဇိုခေါ်ဒါရ် ဂိတ်တံတားအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။

အိန္ဒိယ - မြန်မာ နယ်စပ်တစ်လျှောက် မြေမြုပ်မိုင်း မကြာခဏပေါက်ကွဲမှု ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်း (N Biren Singh) က ဩဂုတ်လ ၃ ရက်နေ့မှာ ပြောပါတယ်။

လိုအပ်တဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနတွေကို အစီရင်ခံစာ ပေးပို့သွားမယ်လို့ ဘီရန်ဆင်းကပြောကြောင်း အိန္ဒိယအခြေစိုက် Hindustan Times သတင်းမှာ ဖော်ပြပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ရပ်တွေဟာ အိန္ဒိယ - မြန်မာ နယ်စပ် မိုင်တိုင် အမှတ် ၉၁ နဲ့ ၉၄ ကြားမှာ အများဆုံးဖြစ်ပွားနေတာလို့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ်တစ်ဦးက ပြည်နယ် ဝန်ကြီးချုပ်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီမြေမြှုပ်မိုင်းတွေကို မြန်မာပြည်က လက်နက်ကိုင်အဖွဲ့အစည်းတွေက နှစ်နိုင်ငံနယ်စပ်မှာ နေထိုင်ကြတဲ့ ဒေသခံတွေကို အကြမ်းဖက်ဖို့အတွက် ထောင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ဒီကိစ္စကို အလေးအနက်ထားပြီး မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကို သီးခြားဆက်သွယ်ပြောဆိုသွားမယ်လို့ပြောကြောင်း Hindustan Times က ဖော်ပြပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့ကလည်း အိန္ဒိယ- မြန်မာနယ်စပ် မိုင်တိုင်အမှတ် ၉၁ နဲ့ ၉၂ ကြားမှာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က နေအိမ်ကို ခဏပြန်လာတဲ့ မြန်မာစစ်ဘေးဒုက္ခသည်နှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org