စစ်ကောင်စီတပ်သား ၄၁၆ ဦး အိန္ဒိယနိုင်ငံကို ထွက်ပြေး
ပြီးခဲ့တဲ့ နှစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးရာကျော် အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးဝင်ရောက်လာကြောင်း အိန္ဒိယ တပ်မတော်အကြီးအကဲက ပြောလိုက်ပါတယ်။
-
RFA Burmese
2024-01-11 -
-
-
စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရတာကြောင့် ပြီးခဲ့တဲ့ နှစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးရာကျော် အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးဝင်ရောက်လာကြောင်း အိန္ဒိယ တပ်မတော်အကြီးအကဲက ပြောလိုက်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ နှစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁၆ ဦးဟာ အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်လာတာလို့ ဇန်နဝါရီ ၁၁ ရက်နေ့က အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ် MANOJ PANDE က ပြောလိုက်တာပါ။
ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အိန္ဒိယနိုင်ငံထဲရောက်လာပြီးမကြာခင် ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံကို ပြန်လွှဲပေးလိုက်တယ်လို့လည်း ရိုက်တာ သတင်းဌာနက ပြောပါတယ်။
အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ နယ်စပ်ချင်း မိုင်တစ်ထောင်ကျော် ထိစပ်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘယ်နေရာကနေ ဝင်ရောက်လာတယ်ဆိုတာကိုတော့ အိန္ဒိယစစ်တပ်က တိတိကျကျထည့်သွင်း ပြောဆိုတာမရှိပါဘူး။
ရက္ခိုင့်တပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ကောင်စီတပ်သား ၁၅၁ ဦးဟာ ဒီဇင်ဘာ ၂၉ ရက်နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောထားပါတယ်။
အလားတူ ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ကို ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ နိုဝင်ဘာ ၁၃ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၄၄ ဦးဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးသွားခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းက စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင် လေးဆယ်ကျော်ဟာ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ပါတယ်။ ဒီစာရင်းအရ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သား ၁၅၀ ကျော်ကတော့ ဘယ်ဒေသတွေက တိုက်ပွဲတွေမှာ အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်ခိုလှုံခဲ့တယ်ဆိုတာ တိတိကျကျမသိရသေးပါဘူး။
အိန္ဒိယနိုင်ငံထဲကို တပ်သားတွေ ထွက်ပြေးသွားတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။