မြန်မာ့အရေး အားပေးဖို့ Sonia Gandhi ကို အိန္ဒိယရောက်မြန်မာတွေ တိုက်တွန်း

မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာအောင် အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ ပြောဆိုမှုတွေ လုပ်ပေးဖို့ အိန္ဒိယရောက် မြန်မာအဖွဲ့အစည်းတွေက အိန္ဒိယခေါင်းဆောင်တဦး ဖြစ်သူ Mrs. Sonia Gandhi ကို ဒီကနေ့ တောင်းဆိုစာတစောင် ရေးသားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၂၀၀၆ ခုနှစ်က ပြုလုပ်သည့် အိန္ဒိယစီးပွားရေးညီလာခံတွင် အိန္ဒိယ ကွန်ဂရက်ပါတီဥက္ကဌ Sonia Gandhi မိန့်ခွန်းပြောနေစဉ်။ (World Economic Forum) World Economic Forum

အောက်တိုဘာလ (၂) ရက်နေ့ဟာ အိန္ဒိယနိုင်ငံရဲ့ အကြမ်းမဖက် လှုပ်ရှားမှုခေါင်းဆောင် မဟတ္တမဂန္ဒီရဲ့ မွေးနေ့ကို အစွဲပြု သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ အကြမ်းမဖက်ရေးနေ့ ဖြစ်တာနဲ့အညီ မြန်မာ အဖွဲ့အစည်း (၄၄) ဖွဲ့နဲ့ ဖွဲ့ထားတဲ့ BCD (Burma Center Delhi) အဖွဲ့က အိန္ဒိယနိုင်ငံရဲ့ အာဏာရ ညွန့်ပေါင်းအစိုးရထဲမှာ ပါတဲ့ ခေါင်းဆောင်တဦးဖြစ်သူ Mrs. Sonia Gandhi ကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

Mrs. Sonia Gandhi ကို စာရေးသား တောင်းဆိုရတာနဲ့ ပတ်သက်ပြီး BCD အဖွဲ့ ပြောခွင့်ရသူ ကိုထွန်းထွန်းက

“ဆိုနီယာဂန္ဒီက AICC ရဲ့ ဥက္ကဌလည်းဖြစ်တယ်။ နောက် အခုထက်ထိ ညွန့်ပေါင်းအစိုးရမှာ ဥက္ကဌလည်း ဖြစ်တယ်။ အဲဒါကြောင့်မို့ ဒီ Cabinet ထဲမှာ တော်တော်များများ သူကနေ ဆုံးဖြတ်တဲ့ဟာတွေ ရှိတယ်။ ဒါကြောင့် သူ့ကို တိုက်ရိုက်တိုက်တွန်းမယ်ဆိုရင် သူကနေ တခုခု အရေးယူမယ်ဆိုရင် ဖြစ်နိုင်တယ်။ သူ့ဆီမှာ တောင်းဆိုရင် အရာရောက်တယ်ပေါ့ ကျနော်တို့အနေနဲ့”

အရှေ့မျှော် မူဝါဒကို ကျင့်သုံးတဲ့ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားတယ် ဆိုတာကိုလည်း ကိုထွန်းထွန်းကပဲ ဆက်ပြောပြပါတယ်။

“အိန္ဒိယသဘောထားက ဒီမိုကရေစီတော့ လိုလားတယ်။ ဒါပေမယ့် သူတို့ ရပ်တည်နေတာက ဒီ စစ်အစိုးရ လုပ်သွားမယ့် ရွေးကောက်ပွဲအပေါ်မှာပဲ ရပ်တည်သွားမှာပဲ။ ဒီဟာကို ကောင်းတယ် မကောင်းဘူးဆိုတာ အိန္ဒိယအစိုးရက တခုမှ မပြောသေးဘူး”

BCD အနေနဲ့ အိန္ဒိယအစိုးရကို တိုက်တွန်း တောင်းဆိုလိုက်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လည် လွတ်မြောက်ရေး၊ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေအတွက် တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်ရေးတွေ ဖြစ်ဖို့ ဖြစ်ကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org