လွတ်လပ်ရေးနဲ့ ထိုက်တန်ကြောင်း ပြသဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးတွေရဲ့ ယုံကြည်ချက် အတိုင်း မြန်မာ ပြည်သူတွေဟာ လွတ်လပ်ခွင့်နဲ့ ထိုက်တန်တယ် ဆိုတာ ပြသဖို့ ဒီကနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
-
2012-01-04 -
-
-
၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွှေဂုံတိုင် ဌာနချုပ်တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ကျင်းပနေစဉ်။
NLD
“ကျွန်မတို့ရဲ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီးတွေက လွတ်လပ်ရေး ရအောင် ယူခဲ့တယ်ဆိုတဲ့ နောက်မှာ ဘာရှိနေလဲ ဆိုတော့ အင်မတန်မှ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ လေးနက်တဲ့ သန္နိဋ္ဌာန် ရှိပါတယ်။ ဒီယုံကြည်ချက်က ဘာလဲ ဆိုတာဟာ လူတိုင်းလူတိုင်းဟာ လွတ်လပ်မှုနဲ့ ထိုက်တန်တယ် ဆိုတဲ့ ယုံကြည်ချက်ပဲ။ သန္နိဋ္ဌာန်က ဘာလဲဆိုတော့ ထိုက်တန်တယ် ဆိုတာ ကမ္ဘာက သိအောင်လို့ ပြနိုင်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ပဲ ဖြစ်ပါတယ်။ ဒီယုံကြည်ချက်တွေ ဒီသန္နိဋ္ဌာန်တွေဟာ ကျွန်မတို့က ဆက်လက်ပြီးတော့ ကိုင်စွဲသွားရမှာ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းဟာ လွတ်လပ်မှုနဲ့ ထိုက်တန်တယ်၊ ထိုက်တန် သလိုလည်း နေတတ်တယ်၊ ထိုက်တန်တယ် ဆိုတာကိုလည်း အများက သိအောင်လို့ ပြနိုင်တယ် ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ကျွန်မတို့ ဆက်ပြီးသွားရမှာ ဖြစ်ပါတယ်”
အန်အယ်လ်ဒီ ရွှေဂုံတိုင် ဌာနချုပ်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ဗဟိုအောင်နိုင်ရေး အဖွဲ့ တာဝန်ခံ ဦးတင်ဦး ကလည်း နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက် သန္နိဋ္ဌာန်ပြု ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
“တစ်မျိုးသားလုံး လွတ်လပ်ရေး၊ လုံခြုံရေး၊ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးစွာ နေထိုင်နိုင်ရေးတို့ အတွက် ယုံကြည် စိတ်ချစွာဖြင့် စည်းလုံး ညီညွတ်မှုသည် အရေးကြီးပါတယ်။ တစ်မျိုးသားလုံး စည်းလုံး ညီညွတ်စွာ ပါဝင် ကြိုးပမ်းရင် ထူးခြားတဲ့ အောင်ပွဲ မြန်မာနိုင်ငံ သမိုင်းမှာ ရစမြဲ ဖြစ်ခဲ့ပါတယ်”
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ အရပ်ရပ်ကြောင့် ဒီနှစ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အင်န်အယ်လ်ဒီ အနေနဲ့ အကျဉ်းရုံးပဲ ကျင်းပခဲ့ပါတယ်။
ဝါရင့် နိုင်ငံရေးသမားဟောင်းများ အဖွဲ့ကလည်း ပါရမီမှာ ရှိတဲ့ သခင်သိန်းဖေ နေအိမ်မှာ အခမ်းအနား ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။