တရားမဝင် သစ်လုပ်ငန်းတွေ စုံစမ်းမယ့် အဖွဲ့ကို တိုင်းလွှတ်တော် ဖွဲ့စည်း

ဧရာဝတီတိုင်းအတွင်းက တရားမဝင် သစ်လုပ်ငန်းတွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပါအဝင် စုစုပေါင်း တိုင်း ကိုယ်စားလှယ် ၇ ဦးနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်မှာ တရားမဝင် ပျဉ်းကတိုး/သဒီ/တောင်သရက်ခွဲသား (၇၅) ချောင်းကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က ဖမ်းဆီးရမိစဉ် Photo: Forest Department - facebook

ဧရာဝတီတိုင်းအတွင်းက တရားမဝင် သစ်လုပ်ငန်းတွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပါအဝင် စုစုပေါင်း တိုင်း ကိုယ်စားလှယ် ၇ ဦးနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။

အရင်က ပြင်ပပုဂ္ဂိုလ်တွေပါ ပါဝင်တဲ့ ကော်မရှင်ကို ဖွဲ့စည်းဖို့ စီစဉ်ခဲ့ပေမယ့် ရှုပ်ထွေးလာမှာစိုးတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ပဲ ဖွဲ့စည်းလိုက်တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။

"ဖွဲ့ပြီးသွားပြီ၊ တာဝန်ပေးလိုက်ပါပြီ၊ ပထမ ကျနော်တို့ ကော်မရှင်ဖွဲ့ဖို့ အစီအစဉ်ဗျ၊ အပြင်က ခေါ်ဦးမလို့၊ ဒါပေမဲ့ ကော်မရှင် ဖွဲ့တာထက်စာရင် ကိုယ့်လွှတ်တော်က လူချည်းပဲဖွဲ့တာက ပိုပြီး အခုလောလောဆယ် သင့်မယ်ပေါ့၊ နို့မို့ဆို ပိုပြီး ရှုပ်ထွေးသွားနိုင်တယ်လို့ တွက်တယ်၊ အဲတော့ ကျနော်တို့ လွှတ်တော်က ကိုယ်စားလှယ်တွေနဲ့ ပဲဖွဲ့လိုက်တယ်၊ အခုဟာကတော့"

အဲဒီအဖွဲ့ဟာ စစ်ဆေးမှုနဲ့ပတ်သက်ပြီး လိုအပ်တဲ့ ပုဂ္ဂိုလ်တွေကို စုံစမ်းမေးမြန်းနိုင်ပြီး တစ်လအတွင်း စုံစမ်းစစ်ဆေး တေ့ွရှိချက်တွေကို အစီရင်ခံစာ တင်ရမှာဖြစ်တဲ့အတွက် လာမယ့် ဇူလိုင်လ ပထမပတ်အတွင်း ပြန်လည် တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်းမှာ တရားမဝင် သစ်မှောင်ခိုလုပ်ငန်းတွေကို အဖွဲ့အစည်းနဲ့ လုပ်ကိုင်နေတာတွေ၊ အဲဒီလုပ်ငန်းတွေမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေကပါ ပူးပေါင်းပြီး လာဘ်ပေး၊ လာဘ်ယူမှုတွေ ရှိနေတာကြောင့် အရေးယူပေးဖို့ဆိုပြီး သာပေါင်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါ က မေလ ၂၅ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။

အရင်ကလည်း အလားတူ မေးမြန်းမှုတွေ ရှိခဲ့ပေမယ့် တိုင်းအစိုးရအဖွဲ့က လာရောက် ဖြေကြားတာသာရှိပြီး တိကျသေချာတဲ့ အဖြေမရရှိတာကြောင့် အခုလို စုံစမ်းစစ်ဆေးဖို့ အဖွဲ့ ဖွဲ့စည်းလိုက်ရတာဖြစ်တယ်လို့  ဦးအောင်ကျော်ခိုင် က ပြောပါတယ်။

အဲဒီအဖွဲ့မှာ မြောင်းမြမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အဖွဲ့ဝင်တွေ အနေနဲ့ ဓနုဖြူ၊ မအူပင်၊ ငပုတော၊ ကျောင်းကုန်း၊ မြန်အောင် စတဲ့မြို့နယ်တွေက ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးတို့ ပါဝင်တာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး စုံစမ်း စစ်ဆေးမှုတွေကို မကြာခင်စတင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ အဖွဲ့ခေါင်းဆောင် ဒေါ်ခိုင်ဇင်ဦးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org