တရားမဝင်သစ်ထုတ်မှုမှာ ပတ်သက်တဲ့ သစ်တောအရာရှိ ၉ ဦးကို ရာထူးကနေထုတ်ပယ်
ကယားပြည်နယ် ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တို့က တရားမဝင် သစ်ခိုးထုတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ဒီလအတွင်း သစ်တောအရာရှိ ၉ ဦးကို ရာထူးကနေ ထုတ်ပယ်လိုက် ပါတယ်။
- 2017-03-29
-
-
-
ကယားပြည်နယ် ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တို့က တရားမဝင်သစ်ခိုးထုတ်မှုမှာ ပါဝင်ပတ်သက်တယ် ဆိုပြီး ဒီလအတွင်း သစ်တောအရာရှိ ၉ ဦးကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
ဘောလခဲမြို့သစ်တောဦးစီးဌာနက တောအုပ် နှစ်ဦးနဲ့ တောခေါင်း ၇ ဦးတို့ကို ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ် က ပြောပါတယ်။
" သစ်မှောင်ခိုလာတဲ့အချိန်သူတို့ ပိုက်ဆံတောင်းတယ်၊ ၂၀၁၂၊ ၂၀၁၃ ထဲက အပြစ်ရှိတဲ့ဟာတွေဗျ၊ ၃လပိုင်းထဲမှာ အားလုံးပေါင်း ၉ ဦးကိုပေးနားလိုက်တာပေါ့"
ရာထူးကနေ ထုတ်ပယ်ခံရသူ ၉ ဦးဟာ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်တွင်းက တရားမဝင် သစ်ခိုးထုတ်လာတဲ့ သစ်ကားတွေဆီကနေ ကားတစ်စီးကို ငွေကျပ်ငါးသောင်းစီယူပြီး ဖြတ်သန်းခွင့်ရအောင် ကူညီဆောင်ရွက်ပေးခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ၉ ဦးအပြင် မြို့နယ်သစ်တောဦးစီးမှူးကို ရာထူးကနေ လျှော့ချခဲ့တယ်လို့လည်း ဝန်ကြီး ဦးတီရယ် က ပြောပါတယ်။
ကယားပြည်နယ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုတွေကို ဖမ်းဆီးရာမှာ အရင်က သစ်တောဦးစီးဌာနတစ်ခု တည်းကသာ တာဝန်ယူဆောင်ရွက်ခဲ့ပေမယ့် လက်ရှိမှာ သစ်တောဌာနအပြင် ကျန်တဲ့ဌာနဆိုင်ရာတွေနဲ့ပါ ပူးပေါင်းဖမ်းဆီးတာတွေဆောင်ရွက်နေသလို အစိုးရစစ်တပ်ရဲ့အကူအညီနဲ့ ဖမ်းဆီးတာတွေရှိတယ်လို့လည်း ဦးတီရယ် က ပြောပါတယ်။
လက်ရှိ အန်အယ်လ်ဒီအစိုးရတာဝန်ယူတဲ့ကာလအတွင်း ကယားပြည်နယ်မှာ တရားမဝင်သစ်တန်ချိန် ၇၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံခြားကို အဓိကတင်ပို့တဲ့ သစ်မာအမျိုးအစားကို အများဆုံး ဖမ်းဆီးရမိတာဖြစ်တယ်လို့ သိရပါတယ်။