နမ္မတူ­-ကျယ်ခေါင်းလမ်းမှာ တရုတ်ကိုပို့မယ့် သစ်မှောင်ခိုကားတွေ နေ့စဉ်သွားလာနေ

ရှမ်းပြည်နယ် နမ္မတူ - ကျယ်ခေါင်းလမ်းမှာ သစ်မှောင်ခိုကားတွေဟာ နေ့စဉ် ကားအစီးရေ ၁၀ စီးကနေ ၃၀ အထိ သွားလာနေကြတယ်လို့ မူဆယ်မြို့ မော်တောင်းရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ် နမ္မတူ - ကျယ်ခေါင်းလမ်းက သစ်မှောင်ခိုကားတွေကို တွေ့ရစဉ် Gammaw.com - facebook

ရှမ်းပြည်နယ် နမ္မတူ - ကျယ်ခေါင်းလမ်းမှာ သစ်မှောင်ခိုကားတွေဟာ နေ့စဉ် ကားအစီးရေ ၁၀ စီးကနေ ၃၀ အထိ သွားလာနေကြတယ်လို့ မူဆယ်မြို့ မော်တောင်းရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အစိုးရက နယ်စပ်ကနေ ပြင်ပကို သစ်တင်ပို့တာတွေကို တရားဝင်ပိတ်ပင်ထားတဲ့ကြားက အခုလို မှောင်ခိုကားတွေ နေ့စဉ်သွားနေကြတာဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ မူဆယ်မြို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

"မြန်မာတစ်ပြည်လုံးက သစ်ခုတ်မယ်ထင်တယ်။ နည်းတာမဟုတ်ဘူးလေ။ တရုတ်ပြည်ဘက်ကို ပို့တာလေ။ တခါတလေ ၁၀ စီး အစီး ၂၀၊ ၃၀ အဲဒီလောက်အထိ နေ့တိုင်းနေ့တိုင်းလေ။ အမြဲတမ်းလိုလိုပဲ"

အဲဒီလို တရားမဝင်သစ်ကားတွေ ဖြတ်သန်းသွားလာနေတာ ၅ နှစ်ခန့်ရှိနေပြီလို့လည်း သိရပါတယ်။

ရှမ်းပြည်နယ် မူဆယ်မြို့ဟာ ကောင်းခါးပြည်သူ့စစ် စိုးမိုးတဲ့နယ်မြေဖြစ်ပြီး အဲဒီလို တရားမဝင်သစ်ပို့ဆောင်နေတဲ့ ကိစ္စမှာလည်း ပါဝင်နေတယ်လို့လည်း အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ တရားမဝင်သစ် သယ်ဆောင်တဲ့အခါမှာ တစ်ခါတရံ ကောင်းခါးပြည်သူ့စစ်ရဲ့ တံဆိပ်တွေနဲ့ ဝတ်စုံဝတ်ဆင်သူတွေကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။

အဲဒီဒေသမှာ အစိုးရအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာဌာနတွေရှိကြပေမယ့် စစ်ဆေးတာတွေကိုတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org