တရားမဝင်သစ်ခိုးထုတ်တဲ့ ကားတွေ ဖမ်းမိ
2017.04.29

ရှမ်းပြည်နယ် လားရှိုးမြို့နဲ့ သိန္နီမြို့ကြားက ရေပူစစ်ဆေးရေးဂိတ်မှာ တရားမဝင်သစ်တွေသယ်လာတဲ့ ၁၂ ဘီးကား ၅ စီးကို စစ်ဆေးရေးဂိတ်က မနေ့က ဖမ်းဆီးလိုက်ပါတယ်။
ရေပူဂိတ်မှာ စစ်ဆေးရေးပြုလုပ်နေတဲ့အတွက် အဲဒီသစ်ကားတွေက နောက်ပြန်လှည့်သွားချိန်မှာ လိုက်လံဖမ်း ဆီးနိုင်ခဲ့တာဖြစ်တယ်လို့ အကောက်ခွန်ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင် က ပြောပါတယ်။
"မနေ့ကတုန်းက တခြားသတင်းတစ်ခုနဲ့ တရားမဝင်ကုန်စည်စီးဆင်းမှုကို ပိတ်ဆို့တားဆီးတဲ့အခါ ကျတော့ ဒီကားတွေက ကျနော်တို့ဂိတ်ထဲကို ဝင်မလာဘဲနဲ့ ကျနော်တို့ဂိတ်နဲ့ ၇ မိုင် ၈ မိုင်လောက်အကွာ မှာ နောက်ကြောင်းပြန်လှည့်သွားတာဗျ။ ကျနော်တို့ လမ်းကြောင်းပေါ်မှာရှိတဲ့ ယာဉ်တင်အသင်း အဖွဲ့တွေက လိုက်ဖမ်းပြီးတော့ စိစစ်တဲ့အခါကျတော့ ပထမ ကား ၂ စီး မိပါတယ်ခင်ဗျ။ နောက်တော့ အားလုံး ၅ စီးလာတယ်လို့ သိတဲ့အတွက် လိုက်စိစစ်တဲ့အခါ နောက် ၁ဝ မိုင်လောက်အကွာ လိုက်ရှာတဲ့ အခါ ၅ စီးလုံး ဖမ်းမိတာပါ။ပိတောက်သစ်တွေ များတယ်ခင်ဗျ"
ဖမ်းဆီရရှိတဲ့ သစ်တန်ချိန်ပမာဏကို မချိန်တွယ်ရသေးကြောင်းနဲ့ သစ်တွေကို သိန္နီမြို့နယ် သစ်တောဌာနကို အပ်နှံထားပြီး ယာဉ်မောင်းတွေကို ရဲစခန်းကို ပို့ထားကြောင်း ပြောပါတယ်။
အဲဒီသစ်တွေဟာ တရုတ်နိုင်ငံကို တရားမဝင်တင်ပို့ဖို့ သယ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။
အခုနှစ် ဇန်နဝါရီလက ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်မှာ တရုတ်နိုင်ငံကို တရားမဝင် တင်ပို့နေတဲ့ ကျောက်စိမ်းနဲ့ သစ်တွေကို အများဆုံးဖမ်းမိပြီး နွား၊ အမဲသားခြောက်နဲ့ တောရိုင်းတိရိစ္ဆာန်တွေ ကိုလည်း ဖမ်းဆီးရမိတယ်လို့ ပြောပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို တရားမဝင်တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေထဲမှာ စားသုံးဖို့ မသင့်တဲ့ အစားအစာတွေ၊ လက်ကိုင်ဖုန်းတွေနဲ့ အဝတ်အထည်တွေကိုလည်း အများဆုံး ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။