ရဲအယောင်ဆောင်ထားတဲ့ ခိုးဝင်တရုတ်နိုင်ငံသားတွေဖမ်းမိ

လောက်ကိုင်မြို့မှာ တရားမဝင် ဝင်ရောက်လာတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသား ၁၇ ဦးကို မနေ့က ဖမ်းဆီးလိုက်ပြီး အဲဒီထဲက ငါးဦးဟာ ရဲယူနီဖောင်းတွေ၊ လက်နက်အတုတွေ ဝတ်ဆင်ကိုင်ဆောင်ထားကြောင့် ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုနဲ့ အရေးယူထားတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်ခင်အောင်က ပြောပါတယ်။

ရဲယူနီဖောင်းတွေ၊ လက်နက်အတုတွေ ဝတ်ဆင်ကိုင်ဆောင်ထားကြောင့် ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုနဲ့ အရေးယူထားတဲ့ တရားမဝင် တရုတ်နိုင်ငံသား ငါးဦးကို တွေ့ရစဉ် ဓါတ်ပုံ - ကိုလွင်(ဆွာ)Iseem

လောက်ကိုင်မြို့မှာ တရားမဝင် ဝင်ရောက်လာတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသား ၁၇ ဦးကို မနေ့က ဖမ်းဆီးလိုက်ပြီး အဲဒီထဲက ငါးဦးဟာ ရဲယူနီဖောင်းတွေ၊ လက်နက်အတုတွေ ဝတ်ဆင်ကိုင်ဆောင်ထားကြောင့် ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုနဲ့  အရေးယူထားတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်ခင်အောင်က ပြောပါတယ်။

"ရဲယူနီဖောင်းတွေ ဝတ်ဆင်လို့ဆိုပြီး ကျနော်တို့ ရဲအယောင်ဆောင်မှုတွေနဲ့ အမှုဖွင့်ထားတယ်၊ ငါးယောက်၊ ဒီကောင်တွေ လက်ထိပ်တွေဘာတွေနဲ့ အယောင်ဆောင်မှုနဲ့ပေါ့နော် ရဲအယောင်ဆောင်ပြီးလုပ်တာကြောင့် ကျနော်တို့က ထပ်ပြီးတော့မှ အမှုဖွင့်တာ၊ ပုဒ်မ ၁၇၀ နဲ့ အမှုဖွင့်တာ၊ ပြည့်သူဝန်ထမ်းအယောင်ဆောင်မှုပေါ့ဗျာ၊ မိတာကတော့ ၁၇ ယောက်မိတာ၊ သက်ဆိုင်ရာ လဝက တို့ဘာတို့ကတော့ ကျနော်တို့ဆက်ပြီး အရေးယူမှာပေါ့ဗျာ"

ကျန်တဲ့ ၁၂ ဦးကိုလည်း စစ်ဆေးနေကြောင်း၊ တရားမဝင် ဝင်ရောက်လာတာ ဆိုရင်တော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ ဆက်လက် အရေးယူမယ်လို့ ရဲမှူးချုပ် ဇော်ခင်အောင်က ပြောပါတယ်။

လောက်ကိုင်မြို့ အရှေ့မြောက်ဘက် ၁ မိုင်အကွာက ရွှေဆင်နယ်မြေရဲစခန်းအပိုင်မှာ ရဲတပ်ဖွဲ့ ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ တရုတ်နိုင်ငံသားတွေ ရောက်နေတယ်လို့ သတင်းအရ သွားရောက် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝတ်စုံ နှစ်စုံ၊ ကျည်ကာအကျီၤ တစ်ထည်၊ လက်ထိပ် ငါးစုံ၊ ဖိုက်ဘာနဲ့ပြုလုပ်ထားတဲ့ ပစ္စတိုသေနတ် အတု နှစ်လက်၊ M22 ပုံစံ သေနတ်အတု တစ်လက်တို့နဲ့အတူ ဖမ်းမိတယ်လို့ ဆိုပါတယ်။

ဒီတရုတ်နိုင်ငံသားတွေကို လောက်ကိုင်မှာ ထိန်းသိမ်းလိုက်တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က တရုတ်နိုင်ငံသံရုံးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

တရုတ်သံရုံးပြန်ကြားရေးတာဝန်ခံ ဦးအောင်နိုင်ဆွေက သူတို့အနေနဲ့ ဒီသတင်းကိုမသိသေးဘူးလို့သာ ပြန်လည်ဖြေကြားပါတယ်။

"လောလောဆယ် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှသတင်းမရရှိသေးပါဘူး၊ ဘာမှကြားတာလည်း မရှိပါဘူး၊ လောလောဆယ်ဘာမှမသိတော့ပါဘူး"

တရုတ်နိုင်ငံသားတွေ ဖမ်းဆီးခံခဲ့ရတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်သံရုံးကို အကြောင်းကြားလေ့ရှိပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး အကြောင်းကြားတာ မရှိသေးဘူးလို့ ဦးအောင်နိုင်ဆွေက ပြောပါတယ်။

သူတို့ ဒီလို ရဲအယောင်ဆောင်ထားကြတာဟာ နယ်စပ်ဖြတ်ကျော်ပြီး ကိုးကန့်ဒေသကို အကြောင်း အမျိုးမျိုးနဲ့ ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေကို ခြိမ်းခြောက်ငွေတောင်းခံဖို့ ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ယူဆနေပါတယ်။

တရုတ်နိုင်ငံနဲ့ ကပ်လျက် တည်ရှိတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အများဆုံး အသုံးပြုတဲ့ ဘာသာစကားကတော့ တရုတ်စကား ဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေ နယ်စပ်ဖြတ်ကျော်ပြီး ဝင်ထွက်သွားလာနေကြတဲ့ ဒေသ ဖြစ်ပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org