မြန်မာစစ်တပ်ကို တရားစွဲဖို့ အမှုတွဲတည်ဆောက်နေပြီလို့ IIMM ပြော
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို လေ့လာစုံစမ်းပြီး မှတ်တမ်းတင်ဖို့ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုယန္တရား IIMM ဟာ မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
- 2022-01-31
-
-
-
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် ‘ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှု’ ကျူးလွန်သူတွေအတွက်၊ ဥပဒေအရ အချိန်အကန့်အသတ်မရှိဘဲ အချိန်ဘယ်လောက်ကြာကြာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ တရားရင်ဆိုင်ရမှာ ဖြစ်တဲ့အကြောင်း IIMM အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) က သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဒီနေ့မှာ IIMM က အခုလို ကြေညာချက်ထုတ်ပြန်ပြီး သတိပေးလိုက်တာပါ။
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို လေ့လာစုံစမ်းပြီး မှတ်တမ်းတင်ဖို့ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုယန္တရား IIMM ဟာ မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံမှာ လူထုကရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်အာဏာရှင်လူတစ်စုက ဖယ်ရှားလိုက်ပြီးတဲ့နောက်၊ IIMM အဖွဲ့အနေနဲ့ စိုးရိမ်ပူပန်ပြီး စောင့်ကြည့်ခဲ့တဲ့အကြောင်း၊ စစ်တပ်က အာဏာသိမ်းလိုက်တာ တစ်ခုတည်းနဲ့ ‘ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှု’လို့ သတ်မှတ်ထားတဲ့ ပြစ်မှု မမြောက်ပေမဲ့ မြန်မာစစ်တပ်ဟာ သူတို့ကို နိုင်ငံရေးအရ ဆန့်ကျင်သူတွေကို အကြမ်းဖက်တတ်တဲ့ သမိုင်းရှိတဲ့အတွက် အနီးကပ် စောင့်ကြည့်ခဲ့တယ်လို့ မစ္စတာ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူပေါင်း တစ်ထောင်ကျော် သတ်ဖြတ်ခံခဲ့ရပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု မြောက်နိုင်တဲ့ အခြေအနေတွေ ဖြစ်ခဲ့တာကို အစီရင်ခံစာတွေအရ သိထားတယ်လို့လည်း မစ္စတာ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) က ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေဟာ အရပ်သား ထောင်ပေါင်းများစွာကို ဖမ်းဆီးထားစဉ်အတွင်းမှာ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားတာနဲ့ သတ်ဖြတ်တဲ့အထိ လုပ်ဆောင်ခဲ့ကြောင်း ယုံကြည်စိတ်ချရတဲ့ ပြောဆိုမှုတွေ ရှိခဲ့ကြောင်း၊ IIMM အဖွဲ့အနေနဲ့ ဒီရာဇဝတ်မှုတွေ အမှန်တကယ် ကျူးလွန်ခဲ့ခြင်း ရှိမရှိ ဆုံးဖြတ်နိုင်ဖို့ စွပ်စွဲပြောဆိုချက်တွေကို အတည်ပြုနိုင်ဖို့ ကြိုးစားနေတဲ့အကြောင်းနဲ့ အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့တာမှန်ရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာ ဆုံးဖြတ်ပြီး၊ တရားစွဲဆိုရာမှာ အထောက်အကူ ဖြစ်မယ့် အမှုတွဲ တည်ဆောက်မှုတွေကို ပြုလုပ်နေတယ်လို့ မစ္စတာ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) က ပြောပါတယ်။
မြန်မာနိုင်ငံတွင်းက ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အန္တရာယ်ကြားကနေ သက်ဆိုင်တဲ့ အထောက်အထားတွေကို မျှဝေပေးခဲ့တဲ့ ထောင်သောင်းချီတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို IIMM က အလွန်ကျေးဇူးတင်ကြောင်း၊ မျက်မြင် သက်သေတွေနဲ့ အထောက်အထားတွေ ရှိနေနိုင်တဲ့ နိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း IIMM ရဲ့ လုပ်ငန်းတွေ အတွက် အလွန် အရေးကြီးကြောင်းနဲ့ နိုင်ငံတကာရာဇဝတ်မှုမြောက်တဲ့ သက်သ အထောက်အထားတွေကို စုဆောင်းပေးနေတဲ့ IIMM ရဲ့ လုပ်ငန်းတွေဟာ နိုင်ငံတကာနဲ့ အာဆီယံအဖွဲ့က တောင်းဆိုထားတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ဆိုတဲ့ အချက်ကို ဖြည့်ဆည်းပေးရာရောက်တဲ့ အကြောင်း IIMM ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။