အစိုးရ မှတ်ပုံတင်မရှိသူများအား ကေအိုင်အိုက အသိအမှတ် ကဒ်ပြားထုတ်ပေး

ကေအိုင်အို ကချင် လွတ်မြောက်ရေး အဖွဲ့ချုပ်က သူတို့ ထိမ်းချုပ်ရာ လိုင်ဇာ ၊ မိုင်ဂျာယန်နဲ့ အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာတွေမှာ မြန်မာအစိုးရ ထုတ်ပေးတဲ့ မှတ်ပုံတင်ကဒ် မရှိသူတွေကို ကေအိုင်အို အသိအမှတ်ပြု မှတ်ပုံတင် သဘောမျိုး သက်သေခံ အီးကဒ်ပြားတွေ အခု နှစ်ဆန်းပိုင်းက စတင်ပြီး ထုတ်ပေးနေတယ်လို့ သိရပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ Photo: Kachin News Group

ဒီကိစ္စနဲ့ ပတ်သက်လို့ ကေအိုင်အို အထွေထွေ အတွင်းရေးမှုး-၂ ဗိုလ်မှူး လနန်ကို ဆက်သွယ်မေးမြန်းတော့ သူက -

"မှတ်ပုံတင်ဆိုရင်တော့ အဓိပ္ပါယ် တမျိုးထင်သွားလိမ့်မယ်။ သက်သေခံ ကဒ်ပြားပေါ့ လုပ်ပေးနေပါတယ် ။ အဓိက ဦးတည်တာကတော့ ကျနော်တို့ ကေအိုင်အို အုပ်ချုပ်ရေး နယ်မြေမှာ ရှိတဲ့ လူထုတွေကို အဓိကထားပြီးတော့ လုပ်ပေးတာ ဒါလုပ်ဖို့ အစီအစဉ်ရှိတာတော့ ကြာပါပြီ။ ဒါလက်တွေ့ အကောင်အထည် ဖေါ်တာက နှစ်စပိုင်းမှာပေါ့။ နယ်စပ် ဒေသမှာ ရှိတဲ့ ရွာတွေကို ဦးစားပေး လုပ်နေတာ အဲဒါပြီးတဲ့အခါမှာ ရွာတွေကို ပြန်ပြီးတော့ ဆင်းဖို့ရှိတယ်။"

ကဒ်ထဲမှာ မွေးသက္ကရာဇ် အမည်၊ မိဘနံမည် နဲ့ ဓါတ်ပုံပါတဲ့ အီးကဒ် ပုံစံလုပ်ထားတာလို့ သိရပါတယ်။ အဲဒီ ကဒ်လုပ်ရင် မွေးဖွားရာဒေသ၊ လက်ရှိအလုပ်အကိုင်နဲ့ မိဘ ဘိုးဘွားစဉ်ဆက် မှတ်တမ်းတွေရှိဖို့ လိုပြီး မြန်မာ အစိုးရ မှတ်ပုံတင်လ ုပ်ပေးတဲ့ ပုံစံနဲ့ အတူတူပဲလို့ သူကပြောပါတယ်။

အသက် ၁၂ နှစ်အရွယ်ကနေ စလုပ်ပေးပြီး အသက် ၁၈ နှစ်ပြည့်ရင် အသစ်ပြန်လဲဖို့ လုပ်ထားတယ်လို့လည်း သိရပြီး အီးကဒ်တစ်ခု လုပ်ဖို့အတွက် တရုတ်ငွေ ယွမ် ၃၀ မြန်မာငွေနဲ့ဆို ၄၀၀၀ ဝန်းကျင်လောက် ကုန်ကျမှာ ဖြစ်ပါတယ်။ ဘာ့ကြောင့် ပြည်သူလူထုကို အခုလိုမျိုးကဒ်တွေ ထုတ်ပေးရတာလဲလို့ မေးမြန်းတဲ့အခါ-

"ကျနော်တို့ နယ်စပ်ဒေသက လူထုတွေက သက်သေခံ ကဒ်ပြားမရတဲ့သူတွေ အများကြီးရှိတယ်။ နိုင်ငံတော် အစိုးရရဲ့ မှတ်ပုံတင် ကဒ်ပြားရဖို့ကလည်း မလွယ်ဖူးလေ။ အိမ်ထောင်စုစာရင်း မရှိတာတို့ နောက်ပြီးတော့ မှောင်ခိုနဲ့ လုပ်မယ်ဆိုရင်တော့ ပိုက်ဆံ သောင်းဂဏန်း ပေးရတယ် အဲဒါ မလုပ်နိုင်တဲ့ သူတွေက အများကြီး ရှိတော့ လိုအပ်တဲ့ သက်သေခံအ ထောက်အထားဆိုတဲ့ စာရွက်စာတမ်း ဘာမှ မရှိတဲ့လူတွေ အများကြီး ဖြစ်နေတယ် အဲဒါကြောင့် ကျနော်တို့ ကေအိုင်အိုက အဲဒါ သူတို့အတွက် သက်သေခံကဒ်ပြား တစ်ခု ရှိပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပေးတာပဲရှိတယ်။ "

ကဒ်လုပ်ပေးရမဲ့ လူဦးရေနဲ့ အိမ်ထောင်စု စာရင်းတွေကိုတော့ ကေအိုင်အို အုပ်ချုပ်ရေးဌာနက အရင်ကတည်းက အသေအချာ မှတ်တမ်း လုပ်ထားတယ်လို့လည်း သိရပါတယ်။ အဲဒီကဒ်ပြားဟာ တရုတ်နိုင်ငံ ကူမင်းမြို့အထိ သယ်ယူ အသုံးပြုလို့ရတယ်လို့လည်း သတင်းထွက်တွေ ထွက်နေပါတယ်။

ဒါနဲ့ပတ်သက်လို့ မဟုတ်ပါဘူးလို့ ကေအိုင်အို အရာရှိက ငြင်းဆိုပြီး နိုင်ငံကြီး တခုအနေနဲ့ အဖွဲ့အစည်းက ပေးတဲ့ သက်သေခံကဒ်ပြား တစ်ခုကို အသိအမှတ်ပြုဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံက ခွင့်ပြုရင်တော့ ပိုကောင်းတာပေါ့လို့လဲ သူက ပြောပါတယ်။ ကေအိုင်အိုက သူတို့ထိမ်းချုပ်ရာ ဒေသခံ လူထုတွေကို သက်သေခံ ကဒ်ပြား သတ်သတ် မှတ်မှတ် လုပ်နေတဲ့အတွက် မြန်မာအစိုးရနဲ့ ပြဿနာ တက်မလာနိုင်ဘူးလားလို့ ဆက်လက်မေးမြန်းတဲ့အခါ သူက-

"ဒါတော့ ပြောလို့မရဘူး အာမခံချက်တော့ ပေးလို့ မရဘူး။ အခု ဒီလိုမျိုး ကာလမျိုးမှာ ဆိုရင် သူတို့ဘက်က အနှောက်အယှက် ပေးလာနိုင်တဲ့ အပိုင်းတော့ ရှိမယ် ထင်တယ်။ ဒါပေမဲ့ ကျနော်တို့ လူထုတွေကလဲ အဲဒီလောက်တော့ သိတဲ့အတွက်ကြောင့်မို့ အဲဒီကဒ်ကို ဟိုပြဒီပြ လုပ်မယ်တော့ မထင်ဘူး လုပ်ဖို့လဲမသင့်ဖူးလေ။ ကဒ်ပြားကို လိုက်ပြပြီးတော့ ကျနော်က လိုင်စာက ဖြစ်တယ်။ မိုင်ဂျာယန်က ဖြစ်တယ် လိုက်ပြောရင်တော့ သူတို့ဖက်ကလဲ အပြစ်ရှာပြီးတော့ ဖမ်းလား ဆီးလားလဲ ဖြစ်နိုင်ပါတယ်။ "

အခုလို ကဒ်ပြားတွေကို ဗန်းမော် မြစ်ကြီးနား အပါအဝင် ကချင်ပြည်နယ် အတွင်းက လူထု လိုချင်တယ်ဆိုရင် ကေအိုင်အို အနေနဲ့ လိုအပ်တဲ့ အချက်အလက် ဖြည့်စွက်ပြီး အချိန် တိုတို အတွင်း လုပ်ပေးဖို့ အစီအစဉ် ရှိတယ်လို့ သူကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org