ICJ အမှု မြန်မာဘက်က ကန့်ကွက်ချက်အားလုံး တရားရုံးပယ်ချ

2022.07.22
ICJ အမှု မြန်မာဘက်က ကန့်ကွက်ချက်အားလုံး တရားရုံးပယ်ချ ၂ဝ၁၉ ခုနှစ်က ICJ တရားရုံးရှေ့ ဆန္ဒပြနေသူတစ်ဦး။
Photo - Reuters

ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အပေါ် မြန်မာဘက်က တင်သွင်းထားတဲ့ ကနဦးကန့်ကွက်လွှာ လေးခုစလုံးကို ICJ တရားသူကြီးအားလုံးက တစ်ညီတစ်ညွတ်တည်း ပယ်ချလိုက်ပါတယ်။

တရားရုံးအမိန့်ဖတ်ကြားပွဲကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာ ၂၀၂၂ ဇူလိုင်လ ၂၂ ရက် ဒီနေ့ပြုလုပ်ခဲ့တာပါ။ တရားရုံးအမိန့်ဖတ်ကြားပွဲကို မြန်မာစစ်ကောင်စီဘက်က ဝန်ကြီးဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ တရားရုံးဆုံးဖြတ်ချက် ဖတ်ကြားရာမှာ ICJ တရားရုံးသဘာပတိ တရားသူကြီး Joan Donoghue က… ဂမ်ဘီယာဟာ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကိုတားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်တာကြောင့် တရားစွဲခွင့်ရှိတယ်ဆိုပြီး မြန်မာရဲ့ကန့်ကွက်ချက်ကို ပယ်ချလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ကတော့… ဂမ်ဘီယာဟာ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို တရားစွဲတာဖြစ်ပြီး၊ ဒီအမှုမှာ ဂမ်ဘီယာနိုင်ငံဟာ နစ်နာတဲ့နိုင်ငံ မဟုတ်တဲ့အတွက် တရားစွဲခွင့်မရှိကြောင်း၊ ICJ တရားရုံးအနေနဲ့ ဒီလျှောက်ထားမှုကို ပလပ်သင့်ကြောင်း ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ပယ်ချလိုက်တဲ့အတွက် ဂမ်ဘီယာက စွဲဆိုထားတဲ့အမှုကို ICJ က ဆက်ပြီး ကြားနာတော့မှာ ဖြစ်ပြီး၊ အမှုသဘောသဘာဝအရ နှစ်နဲ့ချီကြာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။