ဂမ်ဘီယာစွဲချက် ပယ်ဖျက်ပေးဖို့ ICJ တရားရုံးကို ဒေါ်အောင်ဆန်းစုကြည် လျှောက်ထား
ဥပဒေကြောင်းအရ ခိုင်မာမှုမရှိသလို ထုတ်နှုတ်ကိုးကားထားတဲ့ စွဲချက်တွေဟာ ခိုင်မာမှုမရှိတဲ့အတွက် ICJ အနေနဲ့ ဂမ်ဘီယာနိုင်ငံက တင်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး စာချုပ်ဖောက်ဖျက်မှု စွဲချက်ကို ပယ်ဖျက်ပေးဖို့၊ ကြားဖြတ်အရေးယူမှု Provisional Measure ကိုပယ်ချပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။
-
ကျော်မင်းထွန်း
2019-12-12 -
-
-
ဥပဒေကြောင်းအရ ခိုင်မာမှုမရှိသလို ထုတ်နှုတ်ကိုးကားထားတဲ့ စွဲချက်တွေဟာ ခိုင်မာမှုမရှိတဲ့အတွက် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ အနေနဲ့ ဂမ်ဘီယာနိုင်ငံက စွဲချက်တင်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးစာချုပ် ဖောက်ဖျက်မှုနဲ့ တင်ထားတဲ့စွဲချက်ကို ပယ်ဖျက်ပေးဖို့၊ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့ ကြားဖြတ်အရေးယူမှု Provisional Measure ကိုပယ်ချပေးဖို့ မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။
နယ်သာလန်နိုင်ငံ The Hague မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက စွဲချက်နဲ့ ကြားဖြတ်အရေးယူမှု Provisional Measure ဆောင်ရွက်တောင်းဆိုမှုအပေါ် မြန်မာဘက်က ဒေသစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက်နေ့ (မနေ့က) ညနေက ကြားနာပွဲ မြန်မာနိုင်ငံက အပြီးသတ် လျှောက်လဲ ချက်တင်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်က တရားရုံးက အရေးယူမှုဟာ စည်းလုံးမှုထက် စိတ်ဝမ်းကွဲပြားမှုသာ ဖြစ်စေပြီး ဂမ်ဘီယာရဲ့ စွဲချက်အမှုကို တရားရုံးက ပယ်ချက်ပေးဖို့နဲ့ ကြားဖြတ်အရေးယူမှု တောင်းဆိုချက်ကို ပယ်ချပေးဖို့ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
တရားရုံးရဲ့ ပုဒ်မ ၁၆ အပိုဒ် ၂ မှာဖော်ပြထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဒီဇင်ဘာ ၁ဝ ရက်ကနေ ၁၂ ရက်အထိ လျှောက်ထားတင်ပြချက်တွေနဲ့ တခြားတရားရုံးက ထည့်သွင်းစဉ်းစားဖို့ သင့်လျှော်တယ်ဆိုတဲ့ အကြောင်းရာတွေပေါ်မူတည် တရားရုံးတော်အနေဲ့ အမှုကို စာရင်းက ပယ်ဖျက်ပေးဖို့၊ ဒါမှမဟုတ် ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့ ကြးဖြတ်အရေးယူမှုတောင်းဆိုချက်ကို ပယ်ချပေးဖို့ ပြီး မြန်မာနိုင်ငံအနေနဲ့ တရားရုံးကို တင်ပြလျှောက်ထားလိုက်ပါတယ်။
ပထမဆုံးဒေါ်အောင်ဆန်းစုကြည်က မနက်ခင်းပိုင်း ဂမ်ဘီယာရှေ့နေက တင်ပြခဲ့တဲ့အထဲက စစ်တရားရုံး သီးသန့်ရှိနေတာဟာ ထိရောက်တဲ့မျှတတဲ့ တရားစီရင်မှု မဖြစ်ပေါ်နိုင်ဘူးဆိုတဲ့ တင်ပြချက်ကို ရည်ရွယ်ပြီး မြန်မာနိုင်ငံမှာ စစ်တရားစီရင်ရေးစနစ်ရှိနေတယ်ဆိုတာ ငြင်းလို့မရပါကြောင်း၊ ဗြိတိန်နိုင်ငံမှာရော၊ အမေရိကန်ပြည်ထောင်စုမှာပါ စစ်တရားစီရင်ရေးဆိုတာ သီးသန့်စီရှိပါကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ အထူးအလေးအနက်ထားတယ်၊ တရားဥပဒေစိုးမိုးရေးကို အလေးနက်ထားတယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဥပေက္ခာမပြုသင့်သလို ဥပေက္ခာပြုလို့လည်း မရပါကြောင်း၊ နိုင်ငံတကာ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးတဲ့ အခါ ၄ နှစ်ကနေ-၈ နှစ်ထိကြာတတ်သလို တခါတလေ ဒီထက်မက ကြာမြင့်တတ်ပါကြောင်း၊ မြန်မာနိုင်ငံမှာ ARSA နဲ့ မြန်မာ့တပ်မတော်အကြား ဖြစ်ခဲ့တဲ့ စစ်ရေးပဋိပက္ခအပြီး ၂ နှစ်အကြာမှာ စစ်ရာဇတ်မှုနဲ့ပတ်သက်ပြီး နောက်ထပ် စစ်ခုံရုံးတစ်ခု ပေါ်ပေါက်စစ်ဆေးနေကြောင်း၊ ဂမ်ဘီယာအနေနဲ့ အင်းဒင်း အမှုမှာ စစ်ခုံရုံးက တရားစီရင်တာမှု အရည်အသွေးကို ငြင်းချက်ထုတ်တာမရှိဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကိုပဲ မိမိတို့အများစုက ဝေဖန်အပြစ်တင်နေကြတာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အခု စစ်ဆေးကြားနာနေဆဲ ဘူးသီးတောင်မြို့နယ်က ဂူတာပြင် စစ်ခုံရုံး တရားစီရင်နေမှုကိုလည်း ပြီးပြတ်အောင် စီရင်တာကို စောင့်ကြည့်ဖို့လိုပါကြောင်း၊ အစိုးရက ဖွဲ့ထားတဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် ICOE ရဲ့ နောက်ဆုံးအစီအရင်ခံစာထွက်လာပြီဆိုရင်လည်း နောက်ထပ် စစ်ခုံရုံး တရားစီရင်မှုတွေ ရှိလာဦးမယ်လို့လည်း ယုံကြည်ပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
မြန်မာနိုင်ငံက စစ်တရားရုံးနဲ့ အရပ်ဘက်တရားရုံးတွေဟာ အခြေခံဥပဒေနဲ့အညီ မျှမျှတတ စီရင်ဆောင်ရွက်နိုင်ရေးဟာ မြန်မာနိူင်ငံရဲ့ ပစ္စုပ္ပန်နဲ့အနာဂတ်အတွက် အသက်တမျှ အရေးကြီးပါတယ်။ ဒီလိုစစ်တရားစီရင်ရေးစနစ်ရှိတဲ့နိုင်ငံတွေမှာ စစ်တရားရုံးကို ဖျက်ဆီးပြီး ပြင်ပက တရားစီရင်ရေး စနစ်ကို အသက်သွင်းတာဟာ လူတယောက်ရဲ့ ခန္ဓာကိုယ်က အဓိက အဆက်အစပ် အစိတ်အပိုင်းတစ်ခုကို ထုတ်ပယ်လိုက်တာနဲ့ တူပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီအဆက်အစပ်အစိတ်အပိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားတွေအတွက် သူတို့ဖာသာ ပြုပြင်ပြောင်းလဲခွင့်၊ တိုးတက်ခွင့်နဲ့ အရည်အချင်းပိုကောင်းအောင် စွမ်းဆောင်နိုင်မှုတွေကို မှန်မှန်ကန်ကန်လုပ်ခွင့်ရှိစေတဲ့ အချိတ်အဆက်လည်းဖြစ်ပါတယ်လို့ ပြောပါတယ်။
နိဂုံးချုပ်အနေနဲ့ ဒေါ်အော်ဆန်းစုကြည်က တရားရုံးက ပညာရှိရှိနဲ့ မျှမျှတတ ချမှတ်မယ့် ဆုံးဖြတ်ချက်ဟာ တရားမျှတမှုရှိဖို့၊ မတူကွဲပြားပေမယ့် စည်းလုံးညီညွတ်မှုဖြစ်စေဖို့ နောက်ပြီး မြန်မာနိုင်ငံသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဖြစ်လာစေဖို့ ၊ ငြိမ်းချမ်းပြီး တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုရလာအောင် ကြိုးစားနေတဲ့ နိုင်ငံတနိုင်ငံအတွက် အကူအညီပေးလိမ့်မယ်လို့ ဆုတောင်းမိပါတယ်လို့လည်း တင်ပြခဲ့ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဖြစ်နေတဲ့ စစ်ပွဲ ငြိမ်းချမ်းရေးရဖို့ မြန်မာနိုင်ငံအတွက် အထူးအရေးကြီးနေသလို အဲဒီမတိုင်ခင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်ကဖြစ်ခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင်တိုက်ခိုက်မှုတွေ ပြန်မဖြစ်အောင် ရှောင်ရှားဖို့ဟာလည်း ညီတူမျှတူ အထူးအရေးကြီးလှပါတယ်လို့ ရခိုင်မြောက်ပိုင်း မူဆလင်တွေ ထွက်ပြေးခဲ့တဲ့ရတဲ့ တပ်မတော်နဲ့ အာဆာအကြားဖြစ်ခဲ့တဲ့ စစ်ရေးပဋိက္ခတွေကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က တရားသူကြီးတွေကို တင်ပြခဲ့ပါတယ်။
မနေ့က ကြားနာပွဲမှာ မြန်မာဘက်က နိုင်ငံတော် ကိုယ်စားလှယ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မြန်မာနိုင်ငံဘက်က ဥပဒေပညာရှင် နှစ်ဦးက အဓိကထား ချေပခဲ့ပါတယ်။
ပထမဆုံး ပါမောက္ခ ဒေါက်တာ ခရစ္စတိုဖာ စတိတ်ကာ (Dr. Christopher Staker)က ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ကြောင်း တရားရုံးကို လျှောက်ထားရာမှာ တိုက်ရိုက်နစ်နာထိခိုက်တဲ့ နိုင်ငံမဟုတ်တဲ့အကြောင်း၊ အစ္စလာမ္မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ တာဝန်ပေးချက်အရ လုပ်ဆောင်တာဖြစ်တဲ့အတွက် ဂမ်ဘီယာ ကိုယ်စားလှယ်က ကနဦး ပြောဆိုသလို ကိုယ်ကျင့်သိက္ခာအရလုပ်ဆောင်ချက်ဆိုတာမျိုးဟာ သံသယရှိစရာဖြစ်ကြောင်း ဒီအမှုအတွက် ဂမ်ဘီယာအနေနဲ့ ငွေတပြားတချပ်မှ ကုန်ခဲ့ပုံမရဘဲ တခြား အကျိုးစီးပွားတွေနဲ့ ဆက်စပ်နေနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။
ပါမောက္ခဒေါက်တာဝီလျံ ရှာဘတ်စ် (Dr. William Schabas)က တင်ပြရမှာ ဂမ်ဘီယာရှေ့နေ Paul Reichler မနက်ပိုင်းက စွဲချက်မှာပါဝင်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ရည်ရွယ်ချက်ရှိကြောင်း ကုလသမဂ္ဂ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ရဲ့ အစီအရင်ခံစာကို အခြေခံ၊ စုစည်းထားတဲ့ အချက်အလက် ၇ ချက်ကို တချက်ချင်းချေပခဲ့ပါတယ်။
ဒီလိုချေပရာမှာ FFM ရဲ့ အစီအရင်ခံစာရဲ့ အရည်အသွေးတွေကို စောဒက တက်ခဲ့ပြီး အချက်အလက်အသစ်တွေ စုဆောင်းရာမှာ ခိုင်မာမှုမရှိတာတွေကို ထောက်ပြခဲ့ပါတယ်။ အဲဒီအထဲမှာ တပ်မတော်က အလွန်အကျွံအင်အားသုံးခဲ့တယ်ဆိုတဲ့ စွဲချက်၊ စနစ်တကျ ဖျက်ဆီးတတ်တဲ့ သဘော၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အမုန်းစကားတွေကို ဥပေက္ခာပြုထားတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ Facebook Page Post နဲ့ပတ်သက်ပြီး အဓိက အထောက်အထားဖြစ် ပြောရာမှာ အချက်အလက် ခိုင်မာမှုမရှိတာတွေကို တင်ပြခဲ့ပါတယ်။
မြန်မာဘက်က ခုခံချေပမှု အဆုံးသတ်မှာ သဘာပတိဖြစ်တဲ့ တရားသူကြီးက ဒီအမှုပတ်သက်ပြီး ဂမ်ဘီယာရဲံ ကြားဖြတ်အရေးယူပေးရေး တောင်းဆိုချက် အဆုံးအဖြတ်ကို အများပြည်သူရှေ့မှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။