မြန်မာ့လူ့အခွင့်အရေးအခြေအနေ ပိုဆိုး၀ါးလာကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်အပါအ၀င် တစ်နိုင်ငံလုံးက မြို့နယ် ၇၄ မြို့နယ်မှာ အင်တာနက်နဲ့ တခြားဆက်သွယ်ရေးတွေကို တစ်စိတ်တစ်ပိုင်းကနေ လုံး၀ဖြတ်တောက်ထားတယ်လို့လည်း ဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာ Volker Turk အား တွေ့ရစဉ်။ FABRICE COFFRINI / AFP

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး သုံးနှစ်ဆိုတဲ့ အချိန် ကုန်လွန်ခဲ့ပေမယ့် နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုဆိုးရွားလာနေပြီး နိုင်ငံတကာရဲ့ လုံလောက်တဲ့ စိတ်၀င်စားမှုလည်းမရှိတာကြောင့် မြန်မာပြည်သူတွေ ခံစားနေရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာ Volker Turk က ဇန်န၀ါရီလ ၃၀ ရက်နေ့က ထုတ်ဖော်ပြောဆိုပါတယ်။

"ကမ္ဘာတစ်ဝန်း အရေးတကြီး ဖြစ်ပျက်နေတာတွေကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ မေ့လျော့မနေသင့်ပါဘူး။ ဒါပေမဲ့ မြန်မာပြည်သူတွေ မေ့လျော့ခံနေရတာကတော့ ကြာလှပါပြီ။ အခုဆို ပြီးခဲ့တဲ့ အောက်တိုဘာလလောက်ကစလို့ အခြေအနေတွေ ပိုမိုဆိုး၀ါးလာနေပြီး ပြည်သူတွေဟာ စစ်တပ်ရဲ့ ပစ်မှတ်ဖြစ်နေရပါပြီ" လို့ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်၀ါရီလ ၁ ရက်နေ့ မတိုင်ခင် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိုမိုပြင်းထန်လာတဲ့တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့နေထိုင်ရသလို စစ်ကောင်စီဟာ ခံစစ်အနေအထားကနေ အရပ်သားတွေရှိတဲ့နေရာတွေကို ပစ်မှတ်ထား ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာလအတွင်း ၅၅၄ ဦး သေဆုံးရတယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြပြီး ၂၀၂၃ ခုနှစ်အတွင်း အရပ်သားထိခိုက်သေဆုံးမှုဟာ ၁၆၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ အရပ်သားသေဆုံးရတာ သုံးရာလောက်ပဲရှိခဲ့တာပါ။

ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေရဲ့ မှတ်တမ်းအရ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၆ ရက်နေ့အထိ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသူ ၂၆,၀၀၀ ရှိခဲ့ပြီး သူတို့အထဲက နှစ်သောင်းနီးပါး ဖမ်းဆီးခံနေရဆဲဖြစ်သလို သူတို့ဟာ နှိပ်စက်ညှဉ်းပန်းခံရသလို ဥပဒေအရ မျှတတဲ့ တရားရင်ဆိုင်မှုလည်း မရခဲ့ကြဘူးလို့ဆိုပါတယ်။

"စစ်တပ်ဟာ အရပ်သားတွေကို ရန်သူကို အားပေးကူညီသူတွေအနေနဲ့ ရှုမြင်ပြီး အပြစ်ပေးအရေးယူတဲ့ ဗျူဟာနဲ့ တစိုက်မတ်မတ် ဆောင်ရွက်နေပါတယ်" လို့ လူ့အခွင့်အရေးကော်မရှင်နာ Türk က ပြောပါတယ်။ ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်အပါအ၀င် တစ်နိုင်ငံလုံးက မြို့နယ် ၇၄ မြို့နယ်မှာ အင်တာနက်နဲ့ တခြားဆက်သွယ်ရေးတွေကို တစ်စိတ်တစ်ပိုင်းကနေ လုံး၀ဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။

"ဒီအခြေအနေတွေအရ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံက သေရေးရှင်ရေးအခြေအနေတွေအတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်တာတွေလုပ်ဖို့ တောင်းဆိုလိုပါတယ်" လို့ ပြောပါတယ်။ တစ်ဆက်တည်း အခုလို ဆောင်ရွက်ရာမှာ လက်နက်တင်သွင်းတာတွေ၊ လေယာဥ်ဆီနဲ့ နိုင်ငံခြားငွေတွေ ၀င်ရောက်တာတွေကို ကန့်သတ်ဖို့၊ ပစ်မှတ်ထားအရေးယူတာတွေလည်းပြုလုပ်ဖို့ တောင်းဆိုပါတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာ Volker Turk က ပြောဆိုသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org