လူကုန်ကူးခံရသူတွေကို ကာကွယ်ဖို့ ထိုင်းကို အမေရိကန်တိုက်တွန်း

လူကုန်ကူးမှုတွေဟာ အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်တို့က အထူးစီးပွားရေးဇုန်တချို့မှာ အများဆုံးတွေ့ရတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ လောက်ကိုင်မြို့တွင် လူကုန်ကူးခံခဲ့ရသော ထိုင်းအမျိုးသမီး သုံးဦးအား ကူညီကယ်ဆယ်ခဲ့သည့် ထိုင်းအမျိုးသမီးနှင့်ကလေးများ ဖောင်ဒေးရှင်း တာဝန်ရှိသူ ပဗီးနာအား ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။။ Wilawan Watcharasakwet/BenarNews

အွန်လိုင်းငွေလိမ်လည်တဲ့ ဂိုဏ်းတွေမှာ အဓမ္မခိုင်းစေခံရသူတွေကို အကာအကွယ်ပေးတဲ့ စနစ်တွေ တိုးတက်အောင် ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံကို အမေရိကန် လူကုန်ကူးမှုဆိုင်ရာ အမေရိကန်သံအမတ်ကြီး Cindy Dyer က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂ဝ၂၃ ခုနှစ်အတွက် လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအကြောင်း အွန်လိုင်းဆွေးနွေးပွဲမှာ အမေရိကန်သံအမတ်ကြီးက ပြောခဲ့တာပါ။

လူကုန်ကူးမှုတွေဟာ အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်တို့က အထူးစီးပွားရေးဇုန်တချို့မှာ အများဆုံးတွေ့ရတယ်လို့လည်း ဆိုပါတယ်။

အဓမ္မလုပ်အားခိုင်းစေခံရတဲ့ လူကုန်ကူးခံရသူတွေကို ထိုင်းအစိုးရက အပြည့်အဝ အကာအကွယ်ပေးတဲ့ အားစိုက်ထုတ်မှုတွေ မတွေ့ရဘူးလို့လည်း အမေရိကန် လူကုန်ကူးမှုဆိုင်ရာ အမေရိကန် သံအမတ်ကြီး Cindy Dyer က ထောက်ပြပါတယ်။

လူကုန်ကူးသူတွေဟာ စီးပွားရေးကျပ်တည်းလာတာ၊ အလုပ်အကိုင်ရှားပါးလာတာအပြင် ကိုဗစ်ကပ်ဘေးနောက်ဆက်တွဲ အသွားအလာ တင်းကျပ်တဲ့အခြေအနေတွေကို အခွင့်ကောင်းယူပြီး လူငယ်တွေနဲ့ ကလေးတွေကို အသုံးချလာတယ်လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၃၅ နိုင်ငံက လူတွေ လူကုန်ကူးခံရတဲ့အခြေအနေတွေကို ဒီအစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

၂ဝ၂၂ ခုနှစ်မှာ လူကုန်ကူးခံရသူ ၄၄၄ ယောက်ကို အကာအကွယ်ပေးနိုင်ခဲ့ပြီး အဲဒီထဲမှာ မြန်မာ ၂၅ ယောက် ပါဝင်တယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ပါရှိပါတယ်။

နယ်စပ်ဖြတ်ကျော်မှုအတွင်း နှစ်စဉ် လူ သန်းနဲ့ချီ ခေါင်းပုံဖြတ်ခံရတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) က အစီရင်ခံစာမှာ ရေးသားထားပါတယ်။

လူကုန်ကူးခံရသူတွေ လုပ်ခ အနည်းငယ် ဒါမှမဟုတ် လုပ်ခမရဘဲ စက်ရုံတွေမှာ အဓမ္မခိုင်းစေခံရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

စိုက်ခင်းတွေ၊ သတ္တုတွင်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ ငါးဖမ်းသင်္ဘောတွေအပြင် ပုဂ္ဂလိကအိမ်တွေမှာ အလုပ်လုပ်ရတယ်လို့လည်း ရေးသားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org