မီးလောင်ကျွမ်းသွားတဲ့ ထန်တလန်မြို့ထဲမှာ လူတစ်ဦးမှမရှိတော့
ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့က ဘုရားကျောင်း တွေ အပါအဝင် အိမ်ခြေ ၁၆၀ ကျော် မီးလောင်ကျွမ်းပြီးနောက် မြို့ထဲမှာ လူတစ်ဦးမှ မရှိတော့ဘူးလို့ ထန်တလန်မြို့ကနေ ထွက်ပြေးပုန်းရှောင်လာခဲ့တဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
- 2021-11-01
-
-
-
ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့က ဘုရားကျောင်းတွေ အပါအဝင် အိမ်ခြေ ၁၆၀ ကျော် မီးလောင်ကျွမ်းပြီးနောက် မြို့ထဲမှာ လူတစ်ဦးမှ မရှိတော့ဘူးလို့ ထန်တလန်မြို့ကနေ ထွက်ပြေးပုန်းရှောင်လာခဲ့တဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
တိုက်ပွဲတွေ စဖြစ်ချိန်ကနေ အခုလိုမီးမလောင်ခင်အထိ ထန်တလန်မြို့ထဲမှာ ဒေသခံ ကိုးဦးဝန်းကျင်သာ ကျန်နေခဲ့ပြီး မီးလောင်ပြီးတဲ့နောက်မှာတော့ အားလုံးမြို့ကို စွန့်ခွာခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
“ထန်တလန် အခြေအနေကတော့ ဘာမှမရှိတော့တာ လူတွေလည်း မရှိတော့ဘူး၊ အိမ်လည်း မီးလောင် ကုန်တယ်ဆိုတော့ ထပ်ပြီးတော့ ပြောစရာစကားလည်း ဘာမှမရှိတော့ဘူး၊ မိဘမဲ့ဂေဟာက အဖွဲ့တွေပဲ သူတို့ပဲ ကျန်တော့တယ် ” လို့ ဒေသခံကဆိုပါတယ်။
မီးလောင်တဲ့နေ့က မြို့ထဲမှာ ကျန်နေခဲ့တဲ့ မိသားစုဟာ အိမ်အောက်မှာ တူးထားတဲ့ကျင်းမှာ ပုန်းအောင်း နေခဲ့ပြီး ညနေပိုင်းမှ ချင်းကာကွယ်ရေးအဖွဲ့ (CDF) က ကယ်ထုတ်သွားခဲ့တာ ဖြစ်တယ်လို့ ထန်တလန်မြို့ ကနေ တိမ်းရှောင်နေတဲ့ ဒေသခံနောက်ထပ်တစ်ဦးက RFA ကိုပြောပါတယ်။
ထန်တလန်မြို့ အဝင်နားက Mission for Orphans and Captives (MFOC) မိဘမဲ့ကျောင်းမှာတော့ လူ ၂၀ ဝန်းကျင်ကျန်ရှိနေပြီး သူတို့အတွက်လည်း အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးလောင်ကျွမ်းမှုကို စစ်ကောင်စီတပ်ရဲ့ တပ်မ (၆၆) လက်အောက်ခံတပ်က ဒုတိယ ဗိုလ်မှူးကြီးသောင်းလှိုင် အမိန့်ပေး စေခိုင်းခဲ့တာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အောက်တိုဘာ ၂၉ ရက်ညမှာ သတင်း ထုတ်ပြန်ခဲ့သလို ဒေသခံကာကွယ်ရေး အဖွဲ့တွေကလည်း စစ်ကောင်စီတပ်သားတွေ လုပ်ဆောင်ခဲ့တာလို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မီးလောင်ကျွမ်းမှုကို ဒေသခံကာကွယ်ရေး အဖွဲ့တွေ လုပ်တာလို့ ပြန်လည် စွပ်စွဲထားပါတယ်။
ထန်ထလန်မြို့ မီးလောင်ကျွမ်းခဲ့တဲ့ကိစ္စဟာ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့ လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြောဆိုထားသလို အမေရိကန်နိုင်ငံ ကလည်း ဒီဖြစ်ရပ်တွေအတွက် စစ်ကောင်စီကို ရှုတ်ချထားပါတယ်။