စစ်ရေးတင်းမာနေတဲ့ သီပေါမှာ ဒေသခံတွေကို စစ်ကောင်စီက မြို့ပြင်ထွက်ခွင့်မပေး

သီပေါမြို့မှာ စစ်ရေးတင်းမာနေတာကြောင့် အရပ်သားတွေက တိမ်းရှောင်ဖို့ကြိုးစားနေပေမဲ့ စစ်ကောင်စီတပ်က ထွက်ခွာခွင့်မပြုဘဲ တားမြစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုများကြောင့် သီပေါမြို့ပေါ်သို့ ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ရေးတင်းမာနေတာကြောင့် အရပ်သားတွေက တိမ်းရှောင်ဖို့ကြိုးစားနေပေမဲ့ စစ်ကောင်စီတပ်က ထွက်ခွာခွင့်မပြုဘဲ တားမြစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပတ်ပတ်လည်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့တွေက ဇွန်လ ၂၆ ရက်ကတည်းက ဝိုင်းရံထားပြီး စစ်ကောင်စီဘက်ကလည်း TNLA တပ်ဖွဲ့တွေ ရှိနိုင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် မြို့ခံတွေက ကြိုတင်တိမ်းရှောင်ဖို့ စီစဉ်နေပေမဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက မြို့အဝင်အထွက်ကို ပိတ်ဆို့ထားတယ်လို့ သီပေါမြို့ခံတစ်ဦးက ပြောပါတယ်။

“သွားလို့မရဘူး ပိတ်ထားတယ်။ လုံခြုံရေးအရလို့တော့ ပြောတယ်။ မြို့ခံတွေက စစ်ရှောင်ချင်ကြတာပေါ့။ တိုက်ပွဲဖြစ်မှာ ကြောက်တယ်လေ။ အခုလည်း လက်နက်ကြီးက ပစ်နေတာ”

ဒီကိစ္စနဲ့ပတ်သက်လို့ ရှမ်းပြည်နယ် စစ်ကောင်စီပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

သီပေါ-လားရှိုး လမ်းပိုင်းမှာရှိတဲ့ ဆွတ်လန်းရွာ တံတားလည်း ဇွန်လ ၂၆ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခံထားရပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org