စစ်ကောင်စီကို ဆက်လက်မကူညီဖို့ တရုတ်ကို ဖားကန့်ဒေသခံတွေဆန္ဒပြ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကြားမှာ ဆန္ဒပြကြတာလို့ သပိတ်ဦးဆောင်သူတစ်ဦးက RFA ကိုပြောပါတယ်။

ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာက ဆန္ဒပြပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ရေးအတွက် စစ်ကောင်စီကို ဆက်လက်မကူညီဖို့ တရုတ်အစိုးရနဲ့ တရုတ်နိုင်ငံပိုင် လေယာဉ်ကုမ္ပဏီတွေနဲ့ ဆက်စပ်နေတဲ့ Airbus လေယာဉ် ကုမ္ပဏီတို့ကို ကချင်ပြည်နယ် ဖားကန့်ဒေသခံတွေက အောက်တိုဘာလ ၂၉ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ရွာက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကြားမှာ ဆန္ဒပြကြတာလို့ သပိတ်ဦးဆောင်သူတစ်ဦးက RFA ကိုပြောပါတယ်။

“အဓိကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလျှော့ချဖို့ စစ်ကောင်စီကို ကူညီနေတဲ့ တရုတ်အစိုးရနဲ့ Airbus လေယာဉ်ကုမ္ပဏီတွေကို ကူညီနေတာတွေ ရပ်တန့်ပေးဖို့ ဆန္ဒပြတောင်းဆိုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ဆန္ဒထုတ်ဖော်တဲ့နေရာကလည်း စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် နေအိမ်တွေပျက်စီးနေတဲ့ ဆိုင်းတောင်ရွာမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်”

ဒီ ဆန္ဒပြပွဲမှာ ဒေသခံငါးဆယ်ထက်မနည်း ပါဝင်ပြီး ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) က လုံခြုံရေးယူပေးတာကို တွေ့ရပါတယ်။

တရုတ်အစိုးရကို ဆန္ဒပြဆန့်ကျင်မှုတွေနဲ့ပတ်သက်လို့ သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူတို့ကို RFA ကဆယ်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

တရုတ်နိုင်ငံပိုင် လေယာဉ် ကုမ္ပဏီ Aviation Industry Corporation of China ခေါ် (AVIC) ဟာ မြန်မာစစ်တပ် အတွက် လေယာဉ်တွေနဲ့ လက်နက် ပစ္စည်းတွေ ရောင်းချပေးနေပြီး ဥရောပနိုင်ငံတွေ ပိုင်ဆိုင်တဲ့ Airbus လေယာဉ် ကုမ္ပဏီက အဲဒီ တရုတ် AVIC ကုမ္ပဏီ မှာ ရင်းနှီးမြှုပ်နှံပြီး မိတ်ဖက်အဖြစ် ပူးပေါင်း အလုပ်လုပ် နေတာတွေ့ရတယ်လို့ မြန်မာ့အရေး လေ့လာစောင့်ကြည့်တဲ့ Justice For Myanmar နဲ့ Info Birmanie အဖွဲ့တွေက စက်တင်ဘာလထဲမှာ ထုတ်ပြန်ထားတာပါ။

အခုဆန္ဒပြဆန့်ကျင်မှုတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ Airbus လေယာဉ် ကုမ္ပဏီတို့က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

တရုတ်ကုမ္ပဏီ AVIC အနေနဲ့ စစ်ကောင်စီလေတပ်ကို ကူညီထောက်ပံ့တာတွေရပ်ဖို့ Airbus ကနေတဆင့် ဖိအားပေးမဲ့ လှုပ်ရှားမှုကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတစ်ဝန်းက သပိတ်အဖွဲ့တွေက ဒီရက်ပိုင်းမှာ ဆက်တိုက်ဆိုသလိုပြုလုပ်လာကြတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org