ဖားကန့်မြို့နယ် ဒွန်ဘန် အကျဉ်းထောင်မှူးဟောင်း ဖမ်းဆီးသတ်ဖြတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဒွန်ဘန်အကျဉ်းထောင်မှူးဟောင်း ဦးကိုင်ဇာလျန်ကို ဒီဇင်ဘာလ ၂၄ ရက်မှာ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလ ၂၆ ရက်မှာ သတ်ဖြတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ UG BLACK K အဖွဲ့က ပြောပါတယ်။

ဖားကန့်မြို့အဝင် တစ်နေရာကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ RFA

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဒွန်ဘန်အကျဉ်းထောင်မှူးဟောင်း ဦးကိုင်ဇာလျန်ကို ဒီဇင်ဘာလ ၂၄ ရက်မှာ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလ ၂၆ ရက်မှာ သတ်ဖြတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ UG BLACK K အဖွဲ့က ပြောပါတယ်။

အသက် ၄၅နှစ်အရွယ် ဦးကိုင်ဇာလျန်က အကျဉ်းထောင်မှူး တာဝန်ထမ်းဆောင်တဲ့ ကာလတွေမှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေအပေါ်မှာ လိင်အမြတ်ထုတ်တာ၊ ငွေကြေး တောင်းခံတာတွေကို လုပ်ဆောင်ခဲ့တာကို ဝန်ခံတဲ့အတွက် သေဒဏ်စီရင်ခဲ့တာလို့ UG BLACK Kအဖွဲ့က ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။

"အရင်က အမှတ် ၈၂၈ ခြေမြန်တပ်ရင်းမှာ ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင် ခဲ့ဖူးတယ်၊ အရပ်ဘက်ကို ပြောင်းလာတော့လည်း အကျဉ်းထောင်မှူး ဆိုတဲ့အတိုင်း ယောက်ကျားကို ဖမ်းထားရင် မိန်းမဖြစ်သူကို တစ်ည လာအိပ်ခိုင်းတယ်၊ ပြီးရင် ပြန်လွှတ်ပေးတယ်၊ ထောင်ထဲက အကျဉ်းသူတွေကိုလည်း ထိုနည်းလည်းကောင်းပဲ ပြုမှုတယ်၊ ထောင်မှူးကနေ တာဝန်ရပ်နားတော့ ဒလန်လုပ်တယ်၊ သူဆက်သွယ် ပေးပို့ထားတဲ့ ဓာတ်ပုံ စာတွေကို ကျနော်တို့ သိမ်းဆည်းရမိသလို၊ သူကိုယ်တိုင်လည်း ဝန်ခံထားပါတယ်"

ဒွန်ဘန်အကျဉ်းထောင်ဟာ ဖားကန့်နဲ့ တနိုင်းမြို့ကြား အမှတ်- ၃၉၀ ခြေမြန်တပ်ရင်းမှာ ပါရှိပါတယ်။ အာဏာသိမ်းပြီးနောက် ဦးကိုင်ဇာလျန်က ထောင်မှူးတာဝန် ထမ်းဆောင်ဆဲ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် အစောပိုင်းမှာပဲ အကျဉ်းထောင်မှူးတာဝန်ကနေ အနားယူခဲ့ တာလို့ UG BLACK Kအဖွဲ့ကပြောပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ PDF တွေဟာ စစ်ကောင်စီတပ်အရာရှိတွေ၊ အရာရှိဟောင်းတွေ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့ပါတယ်။

စစ်ကော်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က PDF တွေကြောင့် စစ်ကောင်စီ ဝန်ထမ်းတွေအပါအဝင် ၃,၄၈၃ ဦး သေဆုံးခဲ့ပြီး ၃,၀၆၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာသိမ်းမှု ၁၈ လပြည့်တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်မှာပြောဆိုခဲ့ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က သူတို့ကို ဆန့်ကျင်တဲ့အရပ်သားတွေကို ပစ်ခတ် ဖြိုခွင်းတာနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေတာပါ။ ဒီလုပ်ဆောင်ချက်ကြောင့် အရပ်သား ၂၆၆၂ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဒီဇင်ဘာလ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ နှစ်ဖက်အပြန်အလှန် ဖမ်းဆီးသတ်ဖြတ်မှုတွေကို ဝေဖန်ရှုတ်ချနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org