ဟိုပုံးမြို့နယ် စငေါရွာထဲ လက်နက်ကြီးကျည် ပေါက်ကွဲလို့ အရပ်သားနှစ်ဦး သေဆုံး

ရှမ်းပြည်နယ် ဟိုပုံးမြို့နယ် စငေါကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFAကို ပြောပါတယ်။

လက်နက်ကြီးထိမှန် ပျက်စီခဲ့သည့် နေအိမ်အဆောက်အအုံများအား PNLA မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ထားစဥ်။ PNLA

ရှမ်းပြည်နယ် ဟိုပုံးမြို့နယ် စငေါကျေးရွာမှာ ဖေဖော်ဝါရီလ ၂၄ ရက် ည ကိုးနာရီကျော်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFAကို ပြောပါတယ်။

ဟိုပုံး-တာချီလိတ် လမ်းမပေါ်က တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးကျည်ငါးလုံးထက်မနည်း ပစ်ခတ်ခဲ့တာမှာ စငေါရွာထဲတစ်လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် အရပ်သား နှစ်ဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFAကို ပြောပါတယ်။

“မနေ့က ညကိုးနာရီကျော်မှာ စစ်ကောင်စီဘက်က လက်နက်ကြီး စပစ်တာဗျ။ ပစ်ပစ်ချင်း တတိယမြောက်အလုံးက စငေါရွာထဲကိုကျပြီး အရပ်သား နှစ်ဦး ဆုံးတယ်”

သေဆုံးသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးဘူးလို့ သူကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ရှမ်းပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

ဒီအပြင် ဖေဖော်ဝါရီလ ၂၅ ရက် မနက်မှာလည်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ရွာကို လေကြာင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ရှစ်လုံး မီးလောင်ပျက်စီးသွားတယ်လို့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က သတင်းထုတ်ပြန်ထားပါတယ်။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁,၄၂၉ ဦး သေဆုံးပြီး ၂,၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org