ဘက်လိုက်ခွဲခြား ဆက်ဆံမှု လှိုင်သာယာ စက်မှုဇုန်လုပ်သားများ ဆန္ဒပြ

အလုပ်သမားတွေအပေါ် အလုပ်ရှင်တွေဖက်က ဖိနှိပ်နေတာတွေ အဆုံးသတ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်း စက်မှုဇုန် အသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား ကိ ုယ်စားလှယ် (၂၀၀) လောက်ဟာ ဆိုင်းဘုတ် ပိုစတာတွေ ကိုင်ဆောင်ပြီး လှိုင်သာယာ ဘီအိုစီအဝိုင်း အနီးကနေ ရက်ကွက်တွေအတွင်း ဒီကနေ့ မနက်ပိုင်းက ပထမဆုံးအကြိမ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

လှိုင်သာယာ စက်မှုဇုံရှိ စက်ရုံတခုတွင် ဖေဖော်ဝါရီ ၉ ရက်နေ့က ဆန္ဒပြနေသော အလုပ်သမားများ ဖြစ်ပါသည်။ (Photo: freeforcountry.blogspot.com) (Photo: freeforcountry.blogspot.com)

ဘီအိုစီ အဝိုင်းကနေ ရန်ကုန်-ပုသိမ် အဝေးပြေးလမ်း မြို့နယ် အားကစားကွင်းဝင်းအထိ ကြွေးကြော် သံတွေနဲ့ အတူ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။

အလုပ်ရှင်တွေဖက်က အလုပ်သမား အချင်းချင်းကြား ခွဲခြားဆက်ဆံမှုတွေ အများအပြား ရှိနေတဲ့အတွက် အလုပ်ရှင်တွေ သိရှိဖို့ အခုလို ဆန္ဒ ထုတ်ဖော်ရတာလို့ ဆန္ဒပြ အလုပ်သမတစ်ဦးက RFA ကို ပြောပါတယ်။

"စက်ရုံမှာက ဖိအားပေးမှုတွေ ရှိပါတယ်။ ဘက်လိုက်မှုတွေပေါ့နော်။ ဒီအလုပ်ကို လုပ်ရတာချင်း အတူတူကို အတော်ဆုံးဆိုပြီးတော့ ရွေးထုတ်ပြီးတော့ အလုပ်သမား အချင်းချင်းကို သွေးခွဲတယ်။
နောက်ပြီးတော့ ခေါင်းဆောင်တွေ ကျူတီပိုင်းဆိုင်ရာတွေက သူဌေးဘက်ကနေ ရပ်တည်ပြီးတော့ကို ဘက်လိုက်မှုတွေ များပါတယ်။ အဲဒါတွေကလည်း ဗမာတွေပါပဲ။ တရုတ်ဘက်ကနေလိုက်ပြီး မြန်မာ သစ္စာဖောက်တွေပေါ့။ ဒီနေ့အထိကတော့ အလုပ်သမားအားလုံးရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဆန္ဒထုတ်ဖော်မှုလုပ်တာကို အဓိကထား လုပ်ကြတာပါ။"

စက်ရုံတွေမှာ တစ်နေ့ကို (၈) နာရီပဲ အလုပ်ခိုင်းစေဖို့၊ အနည်းဆုံးလုပ်ခ လစာ (၃) သောင်း ရရှိဖို့၊ နေ့စား အလုပ်သမားတွေကို လခစား အဖြစ်ပြောင်းလဲ သတ်မှတ်ပေးဖို့ ၊ အလုပ်ထုတ်ပစ်တာတွေ ရပ်ဆိုင်းပေးဖို့၊ ကလေးအလုပ်သမား အရေး ကာကွယ်ဖြေရှင်းပေးဖို့ စတဲ့ အချက်တွေကိုလည်း ဒီကနေ့ ဆန္ဒပြပွဲမှာ အလုပ်သမား ကိုယ်စားလှယ်တွေ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ အလုပ်ရှင်ဘက်က ဖိနှိပ်မှုတွေ ရှိနေတဲ့အတွက် အခုနှစ် မေလနောက်ပိုင်းက စလို့ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့ စက်မှုဇုန်တွေမှာ တောင်းဆို ဆန္ဒပြမှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org