ထိုင်း Black Hawk ရဟတ်ယာဉ်ပျက်ကို မြန်မာစစ်တပ် တွေ့ရှိထား
ထိုင်း-မြန်မာနယ်စပ်မှာ မနေ့က ပျက်ကျခဲ့တဲ့ ထိုင်းစစ်တပ်ပိုင် Black Hawk ရဟတ်ယာဉ်ကို မြန်မာ စစ်တပ်က ရှာဖွေ တွေ့ရှိထားတယ်လို့ ထိုင်းစစ်တပ်က ဒီကနေ့ ပြောကြားပါတယ်။
-
2011-07-20 -
-
-
Black Hawk ရဟတ်ယာဉ်
RFA
ဒီရဟတ်ယာဉ်ဟာ မြန်မာနိုင်ငံဘက်ခြမ်းက ဖာမယ်ဒန်း (Pha Mai Daeng) ကျေးရွာ အနီးမှာ ပျက်ကျခဲ့တာ ဖြစ်ပြီး ဒီနေရာဟာ ထိုင်းနယ်စပ်မျဉ်းနဲ့ ၁ ကီလိုမီတာ အကွာမှာ ရှိတယ်လို့ ဆိုပါတယ်။
ဒီလို တွေ့ရှိတာကို မြန်မာတပ်က ထိုင်းစစ်တပ်ကို အကြောင်းကြားထားပေမယ့် လိုက်ပါသွားသူ ၉ ဦးရဲ့ အခြေအနေကိုတော့ အသေးစိတ် အကြောင်းကြား မထားဘူးလို့ သိရပါတယ်။
တချိန်ထဲမှာလည်း မနေ့က ပျက်ကျရာမှာ လိုက်ပါသွားသူတွေကို ထိုင်းကယ်ဆယ်ရေး အဖွဲ့တွေက လိုက်လံ ရှာဖွေနေတယ်လို့ ထိုင်းစစ်တပ် ပြောခွင့်ရသူက ဒီကနေ့ ပြောကြားပါတယ်။
Black Hawk စစ် ရဟတ်ယာဉ်ဟာ မနေ့ နေ့ခင်းက မြန်မာနိုင်ငံဘက်ခြမ်းမှာ ပျက်ကျခဲ့ပြီး ထိုင်း တပ်မ ၉ က တပ်မမှူး ဗိုလ်ချုပ် တာဝမ် အပါအဝင် ထိုင်း စစ်ဖက်အရာရှိ ၈ ဦး၊ ဓာတ်ပုံ မှတ်တမ်းတင်သူ တဦး လိုက်ပါသွားခဲ့ ပါတယ်။ ဒီ Black Hawk ရဟတ်ယာဉ်ဟာ ထိုင်းမြန်မာ နယ်စပ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပျက်ကျခဲ့တဲ့ ထိုင်းစစ်ရဟတ်ယာဉ်နဲ့ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ နယ်စပ်အသွားမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ပျက်ကျခဲ့တဲ့ မူလ ရဟတ်ယာဉ်နဲ့ လိုက်ပါသွားသူ ၅ ဦးရဲ့ ရုပ်ကြွင်းတွေကိုတော့ ဒီကနေ့မှာ ထိုင်းအာဏာပိုင်တွေက ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
အဲဒီရဟတ်ယာဉ်ဟာ မြန်မာနယ်စပ် ရက်ချာဘူရီခရိုင်က Kaeng Krachang ထိုင်းအမျိုးသား ဥယျာဉ်မှာ တာဝန် ထမ်းဆောင် နေတဲ့ ထိုင်းစစ်သား ၃၅ ဦးကို သွားရောက် ခေါ်ဆောင်တာ ဖြစ်ပြီး ရာသီဥတု ဆိုးဝါးမူကြောင့် သစ်တောထဲမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။