ကျန်းမာရေးဝန်ထမ်း ၁၄ဝ နီးပါးသေဆုံးပြီး ရှစ်ရာကျော် ဖမ်းဆီးခံထားရ
မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအပေါ် အကြမ်းဖက်တာနဲ့ ဟန့်တားတဲ့အမှုပေါင်း ၁၆ဝဝ နီးပါးတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
-
RFA Burmese
2025-02-14 -
-
-
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးဝန်ထမ်း ၁၄ဝ နီးပါးသေဆုံးခဲ့ပြီး ၈၄ဝ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ကူညီမှုနဲ့ ကမ္ဘာတစ်ဝန်းက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို သတင်းအချက်အလက်ရယူနေတဲ့ Reliefweb က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအပေါ် အကြမ်းဖက်တာနဲ့ ဟန့်တားတဲ့အမှုပေါင်း ၁၆၀၀ နီးပါးတွေ့ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံပေါင်း ၃၅ဝ နီးပါး ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။
၂၀၂၃ ခုနှစ်ကစပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုကို ထိခိုက်စေတဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက် အသုံးပြုတာတွေ မြင့်တက်လာခဲ့တယ်လို့လည်း ထောက်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုကြောင့် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍက လူပေါင်း ၃၈၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြောထားပါတယ်။
အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်း ၁၃၃ ဦး သေဆုံးပြီး ဒဏ်ရာရသူက ၁၃၅ ဦး ရှိခဲ့ပါတယ်လို့ NUG စာရင်းတွေမှာ ဖော်ပြပါတယ်။