နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို အစိုးရ ရပ်ဆိုင်း

နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ ရခိုင်ပြည်နယ်က ကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်းအားလုံးကို မနေ့က စပြီး ရပ်ဆိုင်းလိုက်ဖို့ MSF အဖွဲ့ တာဝန်ရှိသူတွေ ဆီ ပြောကြားထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ အတည်ပြုပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကို ရခိုင်တိုင်းရင်းသား များ ဆန္ဒပြနေစဉ် photo: RFA/ Min Thein Aung

နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့  ရခိုင်ပြည်နယ်က ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်း အားလုံးကို မနေ့ကစပြီး ရပ်ဆိုင်းလိုက်ဖို့  MSF အဖွဲ့ တာဝန်ရှိသူတွေဆီ ပြောကြားထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ အတည်ပြုပြောပါတယ်။

MSF ရဲ့ ရခိုင်ပြည်နယ်က ကျန်းမာရေးစီမံကိန်းတွေကို ရပ်ဆိုင်းလိုက်ဖို့အတွက် MSF အဖွဲ့ စစ်တွေရုံးက တာဝန်ရှိသူတွေကို မနေ့က ခေါ်ယူပြောကြားခဲ့တာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက RFA ကို အခုလိုပြောပါတယ်။

"ကျနော်တို့အနေနဲ့ကတော့ ရခိုင်ပြည်နယ်ထဲမှာ MSF ရဲ့ဆောင်ရွက်ချက်တွေ လှုပ်ရှားဆောင်ရွက်မှုကို ရပ်ဆိုင်းဖို့ ကျနော်တို့ပြောလိုက်ခြင်း ဖြစ်ပါ တယ်၊ ပြောလိုက်တဲ့အခါမှာ ကျနော်တို့မှာ အချိန်ကာလအားဖြင့် ကန့်သတ်ပြီးတော့ ပြောကြားခြင်း မရှိတဲ့အတွက်ကြောင့် ကျနော်တို့က မလုပ်ဖို့ ပြောကြားလိုက်တဲ့ နေ့ကစပြီးတော့မှ သူတို့ ဆက်လက် ပြီးတော့ လှုပ်ရှားဆောင်ရွက်မှု မပြုဖို့ပဲဖြစ်ပါတယ်"

နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းမှားတွေကို ဖြန့်ဝေခဲ့တာကြောင့် ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းမှုတွေ ထိခိုက်ခဲ့ရသလို တိုင်းပြည်လည်း နစ်နာခဲ့တာကြောင့် အခုလို MSF ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တာဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် MSF နဲ့  ပြည်ထောင်စုအစိုးရ ကျန်းမာရေးဝန်ကြီးဌာနတို့ ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာ MOU ဟာလည်း သက်တမ်းကုန်ဆုံးနေပြီး ပြည်ထဲရေးဝန်ကြီးဌာနက INGO အဖြစ် မှတ်ပုံတင်ထားရာက ရပ်စဲသွားဖို့ရှိတယ်လို့ သိရပါတယ်။

MSF ရခိုင်ပြည်နယ်ကနေ ထွက်ခွာသွားဖို့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေက ပြီးခဲ့တဲ့ရက်ပိုင်းက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

MSF အဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒီနေ့အထိ ပြည်ထောင်စုအစိုးရက မိမိတို့ကို အကြောင်းကြား လာတာ မရှိသေးကြောင်း၊  MOU ကိစ္စအတွက် နေပြည်တော်မှာ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆက်လက်ဆွေးနွေးနေကြောင်း၊ MSF ဝန်ထမ်းတွေလည်း ရခိုင်ပြည်နယ်မှာ ဆက်လက်ရှိနေဦးမှာဖြစ်ကြောင်း MSF ရဲ့ မြန်မာပြည်ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paul D Groote ဒီကနေ့ အီးမေးလ်ကနေ တစ်ဆင့် ပြန်လည် ဖြေကြားခဲ့ပါတယ်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ရဲ့ ရခိုင်ပြည်နယ်က စီမံကိန်းတွေကို ဘာကြောင့် ရပ်ဆိုင်းလိုက်ရသလဲဆိုတာနဲ့ ပတ်သက်လို့ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org