အစိုးရသတင်းစာအရံှုးမပေါ်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန ဆောင်ရွက်မယ်
ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်တဲ့ သတင်းစာတွေ အရှုံးမပေါ်ဖို့အတွက် ကြော်ငြာဝင်ငွေ အတိုင်းအတာ တစ်ခုထိ တိုးတက်ရရှိရေး အပါအဝင် အချက်သုံးချက် ဆောင်ရွက်မယ်လို့ ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောလိုက်ပါတယ်။
-
2018-09-06 -
-
-
အစိုးရသတင်းစာဖတ်နေသူတစ်ဦးကို တွေ့ရစဉ်
၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနဲ့ ပြည်ထောင်စုရဲ့ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တွေ၊ ကော်မတီတွေရဲ့ ဆွေးနွေးချက်၊ အစီရင်ခံစာတွေကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ ရှင်းလင်းရာမှာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ပုဂ္ဂလိက သတင်းစာတွေရဲ့ ကြော်ငြာရရှိမှုကို ထည့်သွင်းထားပြီး ၂၀၁၆ ခုနှစ်၊ ဇွန်လကစလို့ အစိုးရသတင်းစာ၂ စောင်မှာ ကြားညှပ်ထည့်သွင်းတဲ့ ကြော်ငြာအချပ်ပိုကို ရပ်ဆိုင်းခဲ့တယ်လို့ ပြောပါတယ်။
လာမယ့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ပြန်ကြားရေးဝန်ကြီးဌာနက ကျပ်ငွေ ၁၁၅၇ သန်းရှုံးမယ်လို့ ခန့်မှန်းထားပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တာ၊ ပုံနှိပ်မီဒီယာမှာ ကြော်ငြာထည့်သွင်းမှု နည်းလာတာ စတဲ့ အချက်တွေကြောင့်ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေတဲ့ နိုင်ငံပိုင် သတင်းစာ နှစ်စောင်ထဲက တစောင်ကို ရပ်နားသင့်တယ်လို့ ဝေဖန်မှုတွေရှိသလို ရခိုင်အရေးမှာ သတင်းထုတ်ပြန်မှု နောက်ကျတယ်ဆိုပြီး ဝေဖန်တာတွေလည်းရှိပါတယ်။