ဆီဆိုင်မြို့နယ်မှာ အရပ်သားနှင့် စစ်သား အချင်းများရာက ရွာသား ၂ ဦး သေနတ်ဒဏ်ရာရ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာ အုပ်စု၊ ထီထဲထိုးကျေးရွာမှာ မနေ့ကမနက်ပိုင်းက အမှတ် ၄၂၆ ခြေလျင်တပ်ရင်းက စစ်သား ၃ ဦးနဲ့ ရွာသားတွေ အကြား ပဋိပက္ခဖြစ်ပွားပြီး စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
-
2013-07-13 -
-
-
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ထီထဲထိုးကျေးရွာမှာ မနေ့ကမနက်ပိုင်းက အမှတ် (၄၂၆) ခြေလျင်တပ်ရင်းက စစ်သား ၃ ဦးနဲ့ ရွာသားတွေအကြား ပဋိပက္ခဖြစ်ပွားပြီး စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထီထဲထိုးကျေးရွာအနီးမှာ စခန်းချထားတဲ့ အမှတ်(၄၂၆) ခြေလျင်တပ်ရင်းဖက်က သစ်ပင်တွေခုတ်နေတဲ့အတွက် ကျေးရွာဥက္ကဌက သက်ဆိုင်ရာကို သွားရောက်တိုင်ကြားရာကစပြီး ရွာသားတွေနဲ့ စစ်သားတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် လက်ဖျံနဲ့ ခါးမှာ ဒဏ်ရာတွေရရှိခဲ့တဲ့ ထီထဲထိုးကျေးရွာက တောင်သူ ကိုခွန်မောင်သောင်းက RFA ကို အခုလို ပြောပါတယ်။
"သေနတ်သံကြားလို့ ပြေးလာတာ၊ ကျနော်တို့အပြေးမှာပဲ သူတို့နဲ့တွေ့ကြတာ၊ တွေ့တော့ မင်းတို့မကပ်နဲ့ ကပ်ရင်ပစ်မှာဆိုပြီးတော့၊ ကျနော်တို့လည်း ရှေ့တိုးပြီးကပ်တာ ပစ်ထည့်တာ၊ တကယ်ပစ်ထည့်တာ၊ ကျနော်တို့အထင်တော့ တကယ်မပစ်ဘူးပေါ့၊ ပစ်ခွင့်မရှိဘူးပေါ့၊ အဲဒီလိုပစ်တော့ ကျနော်တို့လည်းဆွဲပြီးတော့ သေနတ်ကိုရအောင်လုလိုက်တာ၊ အဲဒီသေနတ်မရရင်တော့ လူကိုဘယ်လောက်ထိလုပ်မလဲတော့ မသိဘူး"
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပစ်ခတ်ခဲ့တဲ့ စစ်သားတစ်ဦးကိုတော့ ရွာသားတွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဒဏ်ရာရသူ လူနာနှစ်ဦးကို တောင်ကြီးမြို့၊ စပ်စံထွန်းဆေးရုံမှာ ကုသမှုခံယူနေပြီး လက်ရှိမှာတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။
အခုလို ပဋိပက္ခမဖြစ်ပွားခင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်ကလည်း ထီထဲထိုးကျေးရွာက ဆယ်အိမ်မှူးနဲ့ ရွာသားနှစ်ဦးကို အမှတ် (၄၂၆) ခြေလျင်တပ်ရင်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာသားတွေက ဆိုပါတယ်။